BREAKING
October 31, 2025

လောင်းလုံး သဗျာရွာသားနှစ်ဦးကို စစ်အာဏာရှင်တပ်ဖမ်းဆီး

October 31, 2025

လောင်းလုံးမြို့နယ်မှ သဗျာကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် သဗျာကျေးရွာသား နှစ်ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ အသက်၅၀ကျော်အရွယ်ရှိ ဦးလှအေးနှင့် အသက် ၃၀ ကျော်အရွယ်ရှိ ကိုညီလေးတို့ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစချင်း သုံးယောက်ဖမ်းတယ်။ သုံးယောက်မှာ တစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်။ ကျန်တဲ့နှစ်ယောက်ကို ရိုက်နှက်ထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

အင်အား ၇၀ ခန့်ပါသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၃၀ရက် နံနက်ပိုင်းကစပြီး လောင်းလုံးမြို့မှ စတင်ထွက်ခွာလာပြီး မြို့အထွက်ရှိ သဗျာကျေးရွာသို့ ရောက်ရှိချိန် အထက်ပါဒေသခံသုံးဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထားသည်ကိုမူ မသိရသေးပေ။

ယနေ့ အောက်တိုဘာလ ၃၁ရက် နံနက်ပိုင်းတွင် ပဉ္စသီမော်ကျေးရွာနှင့် အင်းဖောက်ကျေးရွာကြားရှိ လောင်းလုံးမြို့နယ် မီးသတ်တပ်ဖွဲ့ စခန်းသို့ စစ်ကြောင်း ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကြောင်း ရောက်ရှိလာသောကြောင့် ထားဝယ်နှင့် လောင်းလုံးမြို့နယ်ကြားရှိ အင်းဇောက်၊ သဗျာ၊ မဲမော်၊ မကျွန်းမော် စသည့် ကျေးရွာများမှ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် ထားဝယ်မြို့ဘက်မှ မြေတင်ကားနှစ်စီးဖြင့် စစ်အာရှင်တပ်သား အင်အား ၆၀ ခန့်သည်လည်း ယနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့သို့ ထွက်ခွာလာကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် ထားဝယ်ဘက်မှလာသည့် စစ်ကြောင်းနှင့် လောင်းလုံးမြို့ဘက်က လာသည့် စစ်ကြောင်းတို့ ပူးပေါင်းထားကာ အင်းဇောက်၊ သဗျာ၊ မဲမော်၊ မကျွန်းမော်ကျေးရွာ အနီးဝန်းကျင်များတွင် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။