BREAKING
October 31, 2025

တရုတ်၏ ‘တစ်နိုင်ငံ စနစ်နှစ်မျိုး’ ကို မလိုလားကြောင်း ထိုင်ဝမ်သမ္မတပြော

October 31, 2025

ပုံစာ - ထိုင်ဝမ်မြောက်ပိုင်း ဟူကူးရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် စစ်သည်များကို မိန့်ခွန်းပြောကြားနေသည့် သမ္မတလိုင်အား ယနေ့ သောကြာနေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - AP

ထိုင်ဝမ်က တရုတ်၏ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ကို မလိုလားကြောင်း သမ္မတလိုင်ချင်းထယ်က ယနေ့ အောက်တိုဘာလ ၃၁ ရက်တွင် ပြောကြားလိုက်သည်။

ထိုင်ဝမ်၏ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပြီး မိမိကိုယ်မိမိ ခုခံကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားရမည် ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းထယ်က ဆိုသည်။

ယင်းမှာ ထိုင်ဝမ်ကျွန်းကို ၎င်းတို့၏ ထိန်းချုပ်မှုအောက် ရောက်ရှိစေရေးအတွက် တရုတ်၏ အင်တိုက်အားတိုက် တွန်းအားပေးလာမှုကို ထိုင်ဝမ်ဘက်က ပယ်ချလိုက်ခြင်းဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

ထိုင်ဝမ်အရေးတွင် စစ်အင်အားသုံးမှုကို “လုံးဝ” ပယ်ချမည် မဟုတ်ကြောင်း တရုတ်နိုင်ငံက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။

ယင်းမှာ တရုတ်ပြည်မကြီးလက်အောက် ရောက်လာပါက ထိုင်ဝမ်ကို သဘောထားပျော့ပျောင်းစွာ အုပ်ချုပ်မည်ဟု ကတိပြု ပြောဆိုရေးသားနေသည့် တရုတ်ပြည်မကြီးအစိုးရပိုင်မီဒီယာများရှိ ဆောင်းပါးများထက် ပိုမိုတင်းမာသော သဘောထားကို ပြသလိုက်ခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

တရုတ်က “ခွဲထွက်ရေးသမား” ဟု ရှုမြင်သော သမ္မတ လိုင်သည် ထိုင်ဝမ်မြောက်ပိုင်း ဟူကူးရှိ စစ်အခြေစိုက် စခန်းတစ်ခု တွင် စစ်သည်များကို မိန့်ခွန်းပြောကြားရာ၌ အင်အားသည်သာ စစ်မှန်သော ငြိမ်းချမ်းရေးကို ယူဆောင်လာပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျူးကျော်ရန်စသူရဲ့ တောင်းဆိုမှုကို လိုက်လျောတာနဲ့ အချုပ်အခြာအာဏာကို စွန့်လွှတ်လိုက်တာက ငြိမ်းချမ်းရေးကို ရရှိစေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ဂုဏ်သိက္ခာ ၊ သန္နိဋ္ဌာန်နဲ့ ဒီလက်ရှိအခြေအနေကို ထိန်းသိမ်းထားရပါမယ်။ သိမ်းပိုက်ပေါင်းစည်းမှု ၊ ကျူးကျော်မှုနဲ့ အတင်းစုစည်းသိမ်းသွင်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်” ဟု ၎င်းက ပြောသည်။

ထိုင်ဝမ်၏ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို ထိန်းသိမ်းကာကွယ်သွားမည် ဖြစ်သောကြောင့် ‘တစ်နိုင်ငံ စနစ်နှစ်မျိုး’ ကို ပယ်ချကြောင်း သမ္မတလိုင်က ထပ်လောင်းပြောကြားခဲ့သည်။

Source: Reuters