BREAKING
October 31, 2025

သရက်ချောင်းတွင် အိမ်မီးရှို့ခံရသည့် ဒေသခံများ နေထိုင်စားသောက်ရေးအခက်ခဲဖြစ်

October 31, 2025

ပုံစာ - ပြီးခဲ့သည့်လက သရက်ချောင်းမြို့နယ်အတွင်း မီးရှို့ခံရသည့် နေအိမ်များ။(ပုံဟောင်း)

သရက်ချောင်းမြို့နယ်တွင် နေအိမ်မီးရှို့ခံရသည့် ဒေသခံများ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြောင်း ကိုယ်တိုင် ကြုံတွေ့နေရသည့် ဒေသခံများက ပြောသည်။

စော်ဖျား၊ မိုးရွှေကုန်း၊ ကျောက်လှေကား၊ ကင်းရှေ့၊ ရန်တောင်၊ သင်းကျွန်း၊ ဥတ္တူ၊ လဘစသည့် ကျေးရွာများက ရာနှင့်ချီသည့် အရပ်သားနေအိမ်များကို ယခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

နေအိမ်မီးရှို့ခံရသည့် ဒေသခံအများစုမှာ ဆွေမျိုး၊ အသိမိတ်ဆွေ အိမ်များ၊ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကြရပြီး အချို့မှာ မြေကွက်လပ်တွင် ယာယီတဲထိုးနေထိုင်ခြင်း၊ အခြားကျေးရွာများတွင် အိမ်ငှားရမ်းနေထိုင်ခြင်း၊ ဥယျာဉ်ခြံတဲ များတွင် အမိုးအကာ မလုံခြုံစွာဖြင့် နေထိုင်နေကြရကြောင်း ၎င်းတို့က ပြောဆိုသည်။

နေအိမ်မီးရှို့ခံရသူ ဒေသခံအများစုတွင် နေထိုင်စားသောက်ရေးမှာ အဓိက အခက်အခဲကြုံရေကြောင်း လဘရွာက အမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်း၏ နေအိမ်မှာ အောက်တိုဘာလ ၂၃ ရက်က မီးရှို့ခံခဲ့ရသည်။

နီးစပ်ရာ ကျေးရွာများနှင့် ပြည်ပရောက် ဒေသခံများက ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ စောင်၊ ခြင်ထောင်၊ အိုးခွက်ပန်းကန် များ လာရောက်လှူဒါန်းမှုရှိသော်လည်း မိသားစုဦးရေများသူများအတွက် စောင်၊ ခြင်ထောင်နှင့် စားနပ်ရိက္ခာ လိုအပ်ချက်များရှိနေသေးကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

“အဓိကတော့ ကျွန်မတို့မှာ နေစရာပေါ့နော်။ တချို့လည်း ယာယီတဲလေးတွေထိုးဖို့ တိုင်လုံးတွေ ဝါးတွေရှာပြီး ဆောက်သူ လည်း ဆောက်နေကြတယ်။ နောက်ထပ် အိမ်ပြန်ဆောက်ဖို့တော့ ဘယ်သူမှ စိတ်မကူးရဲကြဘူး။ စစ်ကြောင်းလာပြီ အသံကြားတာနဲ့ စိတ်ထဲမှာတော်တော်ကြီးကို ကြောက်နေပြီ။ (နေအိမ်မီးရှို့ခံရတာ) ဒီလိုမျိုး တစ်ခါမှလည်း မကြုံဖူးဘူး ဆိုတော့ အခက်အခဲကတော့ အများကြီးပဲ” ဟု ၎င်းက ပြောသည်။

ယာယီတဲထိုးရန် သစ်လုံးတိုင်၊ ဝါး၊ အမိုး၊ ကြမ်းခင်းအတွက် ကုန်ကျငွေပင် ငွေကျပ် ၁၀ သိန်းကျော် ရှိသဖြင့် ငွေကြေးမတတ်နိုင်သူများအတွက် အခက်အခဲရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မိမိပိုင်မြေတွင် ကျပ်သိန်းရာချီကုန်ကျခံကာ အိမ်ပြန်ဆောက်ရန် ငွေကြေးမတတ်နိုင်သူများရှိသလို မိသားစုဝင်များ၏ ဖေးမကူညီမှုဖြင့် အိမ်ပြန်ဆောက်နိုင်ကြသော်လည်း နောက်တစ်ကြိမ် စစ်အာဏာရှင်တပ်စစ်ကြောင်းက မီးထပ်ရှို့ နိုင်သည်ဆိုသော စိုးရိမ်ချက်ကြောင့် အိမ်ပြန်မဆောက်ရဲသူများရှိကြောင်း နေအိမ်မီးရှို့ခံရသည့် ဒေသခံများက ဆိုသည်။

“အကုန်လုံးက အိမ်ပြန်ဆောက်ဖို့ စိတ်မကူးရဲကြဘူး။ အခုမီးရှို့မခံရသေးတဲ့အိမ်တွေလည်း နောက်တစ်ခါ တို့အိမ်တွေ ပါမလားဆိုတဲ့ စိုးရိမ်ချက်တွေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါဒေသခံ၏ ရန်တောင်ကျေးရွာရှိ ဆွေမျိုးအိမ်များမှာ မီးရှို့ခံခဲ့ရကြောင်း ဆိုသည်။

ကင်းရှေ့ရွာက အမျိုးသမီးတစ်ဦးကလည်း နေအိမ်မီးရှို့သဖြင့် နေထိုင်စားသောက်ရေး အခက်အခဲကြံရကြောင်း ပြောဆိုသည်။

“ဆွေမျိုးရှိတဲ့သူတွေက ဆွေမျိုးတွေအိမ်မှာကပ်နေ၊ အဖီလေးထိုးပြီးနေသူနေပေါ့။ တချို့လည်း သူများနဲ့အတူတူမနေချင်တဲ့ သူတွေ မိသားစုများတဲ့သူတွေဆိုလည်း ဥယျာဉ်ခြံတဲမှာနေကြတယ်။ နေထိုင်စားသောက်ရေးကတော့ အကုန်ခက်ခဲ ကုန်တာ ပဲ။ ထမင်းတည်ဖို့ လျှပ်စစ်မီးမရှိ၊ ဖုန်းအားသွင်းဖို့ လျှပ်စစ်မီးမရှိလို့ သူများအိမ်တွေမှာ လိုက်သွင်းပေါ့” ဟု ၎င်းက ပြောသည်။

စော်ဖျားရွာက ၎င်းတို့ဆွေမျိုးအိမ်လည်း မီးထဲပါသွားပြီး ဘုန်းကြီးကျောင်းတွင် နေထိုင်နေကြရကြောင်း ၎င်းက ဆိုသည်။

နေအိမ်မီးရှို့မခံရသည့် ဒေသခံများ၏ နေအိမ်များကိုလည်း အာဏာသိမ်းစစ်တပ်က အိမ်ရှိပစ္စည်းများကို မွှေနှောက်ရှာဖွေကာ ယူဆောင်သွားကြသလို အချို့ပစ္စည်းများမှာ ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။