ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နာမည်ကြီး လူကြိုက်များသော ဟွန်ထိုင်း ရှူဆေးဘူးအပါအဝင် လိုင်စင်မဲ့ ရှူဆေး ဘူးများကို ထုတ်လုပ်နေသော စက်ရုံများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ရှူဆေးဘူး နှစ်သန်းကျော်ကို သိမ်းဆည်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အောက်တိုဘာလ ၃၀ ရက်က ဘန်ကောက်နှင့် စမွတ်စခွန်ရှိ လိုင်စင်မဲ့ တိုင်းရင်းဆေးထုတ်လုပ်သော နေရာနှင့် သိမ်းဆည်း ထားသော နေရာ လေးခုကို ထိုင်း အစားအသောက်နှင့် ဆေးဝါးကွက်ကဲမှုဌာန (FDA) နှင့် CIB ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေးချိန် လိုင်စင်မဲ့ ရှူဆေးဘူးများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
တွေ့ရှိခဲ့သော လိုင်စင်မဲ့ ရှူဆေးဘူးများတွင် နာမည်ကြီး ဟွန်ထိုင်းတံဆိပ် အစိမ်းရောင် ရှူဆေးဘူးလည်း ပါဝင်နေပြီး နောက်ထပ် အမျိုးအစားအစုံ အစိမ်းရောင် ရှူဆေးဘူး၊ ပရုပ်ဆီများအားလုံး အရေအတွက် ၂ ဒသမ ၃၅ သန်းကျော်ရှိကြောင်း ဆိုသည်။
သိမ်းဆည်းရမိသော ရှူဆေးဘူးများသည် ကာလတန်ဖိုး ဘတ်သန်း ၁၀၀ ကျော်ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။
အောက်တိုဘာ ၂၈ ရက်က ဟွန်ထိုင်းတံဆိပ် ဖော်မြူလာ ၂ ရှူဆေးဘူးတွင် ဘက်တီးရီးယားနှင့် မှိုများ သတ်မှတ် ပမာဏထက် ပိုမိုပါဝင်နေသည်ကို စစ်ဆေးတွေရှိခဲ့ရာမှတစ်ဆင့် နောက်ထပ်ရှူဆေးဘူးထုတ်လုပ်သော နေရာများကို လိုက်လံစစ်ဆေးနေခြင်းဖြစ်သည်။
သတ်မှတ် စံချိန်မမီသော ရှူဆေးဘူးများထံမှ လည်ပြွန်ရောင်နှင့် အဆုတ်ရောင်ရောဂါများ ရရှိနိုင်ကြောင်း FDA က သတိပေးထားသည်။
ဟွန်ထိုင်းရှူဆေးဘူးအပါအဝင် ရှူဆေးဘူးများကို FDA က ခွင့်ပြုထားသော စက်ရုံများတွင်သာမက အခြား FDA ခွင့်ပြုချက် မရှိသော နေရာများတွင် တိုးချဲ့၍ လိုင်စင်မဲ့ ထုတ်လုပ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် FDA က သိမ်းဆည်း ခဲ့ကြောင်း ဖော်ပြသည်။
လိုင်စင်မဲ့ စက်ရုံများက ထုတ်လုပ်ဖြန့်ချိထားသည့် ထုတ်လုပ်မှုအမှတ်စဉ်များနှင့် တူညီသော ရှူဆေးဘူးများကိုလည်း ဈေးကွက်ထဲက ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
သိမ်းဆည်းရမိထားသော လိုင်စင်မဲ့ ရှူဆေးဘူးထဲက ပါဝင်ပစ္စည်းများကိုလည်း ဓါတ်ခွဲစစ်ဆေးပြီးပါက ပြည်သူများကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။
ပြည်သူများအနေဖြင့်လည်း သံသယဖြစ်သော ဆေးဝါးပစ္စည်းများကို တွေ့ရှိပါက FDA သို့ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
ထိုင်းနိုင်ငံထဲတွင် လိုင်စင်မဲ့ ဆေးဝါးပစ္စည်းများကို ထုတ်လုပ်ဖြန့်ချိပါက ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် တစ် သန်းကို ကျခံရမည်ဖြစ်ကြောင်း ထိုင်း FDA က သတိပေးထားသည်။
ဟွန်ထိုင်း၏ လုပ်ငန်းရှင်ဖြစ်သူ Mr. Teerapong က ယခုဆုံးရှုံးမှုသည် နှစ် ၂၀ အတွင်းက ကြိုးစားထားသော အရာမှန်သမျှ နှစ်ရက်အတွင်း ဆုံးရှုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
Ref: Bangkok Post, The Thaiger







