၁၁၃ ကြိမ်မြောက် ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအတွက် ရပ်ကွက်အလိုက် ပူဇော်ခံထားရှိသည့် ဘုရားများကို တန်ဆောင်မုန်းလဆန်း ၁၀ ရက် ညတွင် ရပ်ကွက်အတွင်း နောက်ဆုံးအပူဇော်ခံကာ ဘုရားလှည့်ပွဲကျင်းပမည့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းသို့ ပို့ဆောင်ကြသည်။
အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှစ၍ နေ့ဘက်လှည့် လည်ပူဇော်ခဲ့ကြသည့် ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို ယခုနှစ်တွင် မူလအတိုင်း ညနေပိုင်းမှစ၍ ထားဝယ်မြို့အတွင်း ညလုံးပေါက်လှည့်လည်အပူဇော်ခံမည် ဖြစ်သည်။
ထို့ကြောင့် တနင်္သာရီတိုင်း စစ်ကော်မရှင်သည် တန်ဆောင်မုန်းလဆန်း ၁၀ ရက် ညမှစ၍ လပြည့်နေ့အထိ ထားဝယ်မြို့အတွင်း ညမထွက်ရအမိန့်ကို ခြောက်ရက်တာ ရုပ်သိမ်းထားသည်။
ယနေ့ ထားဝယ်မြို့ရှိ ရပ်ကွက်အသီးသီးမှ နှစ်ကျိပ်ရှစ်ဆူဘုရားများကို ဘုရားကြီးဝင်းအတွင်းသို့ ပို့ဆောင်ကြရာတွင် မြိုတွင်း လမ်းတစ်လျှောက် ရပ်ကွက်အသီးသီး၌ စတုဒီသာအလှူများ၊ အကအလှယာဉ်များ၊ ဖျော်ဖြေရေးအဖွဲ့များ၏ အတီးအမှုတ်အကအခုန်ဖြင့် မူလပုံစံအတိုင်း ကျင်းပသည်ကို တွေ့ရသည်။
ရပ်ကွက်အသီးသီးက ပို့ဆောင်ထားသည့် ဘုရားများကို ရွှေတောင်စားစေတီနှင့် လောကမာရဇိန်ဘုရားကြီးဝင်း အတွင်းထားရှိကာ တန်ဆောင်မုန်းလဆန်း ၁၁ ရက်မှစ၍ ထားဝယ်လူမျိုးတို့၏ ရှေးရိုးရာအစဉ်အလာတစ်ခုဖြစ်သည့် ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စတင်ကျင်းပမည်ဖြစ်သည်။
ပွဲတော်ရက် လေးရက်မြောက်ဖြစ်သည့် တန်ဆောင်မုန်းလဆန်း ၁၄ရက် ညနေ ၆နာရီမှစ၍ နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များကို လျှပ်စစ်မီးရောင်စုံဖြင့် အလှဆင်ခြင်း၊ ဗုဒ္ဓဝင်ရုပ်လုံး၊ ရုပ်ကြွ၊ ဓမ္မပဒ ဇာတ်တော်လာ သရုပ်ဖော်ပုံများဖြင့် ထားဝယ်မြို့အတွင်း ညလုံးပေါက်လှည့်လည်ပူဇော်ခံမည်ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် ဘုရားကြီးဝင်းအတွင်းသို့ ပြန်လည်ပို့ဆောင်ကာ ယာယီစံကျောင်းတော်၌ တန်ဆောင်မုန်းလပြည့်ညအထိ ဆက်လက်ပူဇော်ခံထားရှိကာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်ကို ငါးညတိုင်တိုင် ဆင်ယင်ကျင်းပမည် ဖြစ်သည်။

































