BREAKING
October 18, 2025

ကန့်သတ်ပိတ်ဆို့မှုများနှင့် ထားဝယ်ဒေသ

August 31, 2025

ထားဝယ်ဒေသတွင် စားသောက်ကုန်များနှင့် ဆန်ရှားပါးမှုပြဿနာသည် ဒေသခံများအတွက် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။

လတ်တလော ရန်ကုန်-ထားဝယ်ကားလမ်း မလွှဲတောင်အနီးတွင် စစ်ရေးတင်းမာနေပြီး ကုန်ကားနှင့် ခရီးသည်တင်ကားများ ဖြတ်သန်းခွင့်မရဘဲ ပိတ်မိနေကြသည်။

ယင်းမတိုင်ခင်ကတည်းက စစ်ကော်မရှင်က တနင်္သာရီတိုင်းသို့ ရန်ကုန်မြို့ဘက်မှ ဆန်သယ်ယူခွင့်ကို ပိတ်ပင်ကန့်သတ်ထားခဲ့သည်။

ထိုအကြောင်းအရင်းတို့ကြောင့် တနင်္သာရီတိုင်းသို့ ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ ဆန်အပါအဝင် စားသောက်ကုန် စျေးနှုန်းများလည်း မြင့်တက်လာသည်။

လတ်တလောတွင် ကြက်ဥ၊ ပဲငံပြာရည်၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးနှင့် ဆန်ကဲ့သို့သော အခြေခံစားသောက်ကုန် ပစ္စည်းများကို ဝယ်ယူရရှိရန် အလွန်ခက်ခဲနေကြသည်။

ရန်ကုန်မှတင်သွင်းသည့် အရည်အသွေးမြင့်ဆန်များ ပြတ်လပ်နေသဖြင့် ဒေသထွက်ဆန်များကိုသာ အားထားနေရပြီး ဒေသထွက်ဆန်မှာ အရည်အသွေးညံ့သဖြင့် စားသုံးရန် ခက်ခဲကြောင်း ဒေသခံများက ညည်းတွားကြသည်။

ယင်းထက်ဆိုးသည်က စစ်ကော်မရှင်က ဒေသတွင်း ဆန်သယ်ယူခွင့်ကို ကန့်သတ်ထားသဖြင့် တစ်ရွာမှတစ်ရွာသို့ပင် ဆန်အလွယ်တကူ သယ်ယူပို့ဆောင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေဖြစ်နေရာ လယ်ယာစိုက်ပျိုးနိုင်ခြင်းမရှိသော ထားဝယ်အရှေ့တောကဲ့သို့သော နေရာများအတွက် အခက်အခဲများစွာ ကြုံတွေ့နေရသည်။

လယ်ယာပိုင်ရှင်များအနေဖြင့် ကိုယ့်အိမ်စားသုံးရန်အတွက် ဆန်အလုံအလောက်ရှိသော်လည်း၊ လယ်ယာမဲ့ဒေသခံများမှာမူ ဝယ်ယူစားသုံးရန် အခက်အခဲများ ကြုံတွေ့နေရသည်။

ဆန်စက်များကို ပိတ်သိမ်းမည်ဟူသော ကောလာဟလများကြောင့်လည်း ဒေသခံများ စိုးရိမ်စိတ်မြင့်တက်နေသည်။

စစ်ကော်မရှင်အနေဖြင့် ဆန်သယ်ယူခွင့် ဆက်လက်ပိတ်ပင်ကန့်သတ်ခြင်း၊ ရန်ကုန်-ထားဝယ်လမ်းမ ပြန်လည်ဖွင့်လှစ်ခြင်း မရှိပါက ဒေသတွင်း၌ စားသောက်ကုန်နှင့် ဆန်ပြတ်လပ်မှုသည် ပိုမိုဆိုးရွားလာနိုင်သည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ထားဝယ်မြို့ခံများကို မေးမြန်းကာ ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“ဝယ်ရခက်တာကတော့ ဆန်တစ်ခုတည်းမဟုတ်ဘူးရှင်။ အကုန်လုံးပဲဝယ်ရခက်တယ်”

ထားဝယ်မြို့ခံ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး

DW ။ ထားဝယ်မှာ ရန်ကုန်ဆန်တွေ ဝယ်ရခက်နေတယ်လို့ကြားရတယ်။ ဘယ်လိုအခြေအနေရှိလဲ ပြောပြပေးပါလား။

ဖြေ ။ ဝယ်ရခက်တာကတော့ ဆန်တစ်ခုတည်းမဟုတ်ဘူးရှင်။ အကုန်လုံးပဲဝယ်ရခက်တယ်။ ကြက်ဥလည်းဝယ်မရဘူး။ ပဲငံပြာရည်ဆိုလည်းမရဘူး။ ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး အဲဒါတွေတစ်ခုမှ ဝယ်လို့မရဘူး။ ဝယ်နေကျဖောက်သည်မှာ ဝယ်လို့မရလို့ တခြားဖောက်သည်တွေမှာလိုက်မေးလည်း မရတော့ဘူး။ ဟိုဟာလည်းမရှိ၊ ဒီဟာလည်းမရှိ ဘာမှဝယ်မရချင်းအတူတူ ဆိုင်ပိတ်လိုက်တာပဲ နားအေးတော့မယ်။

DW ။ ဆန်ရော ဝယ်လို့ရသေးလား။

ဖြေ ။ ကျွန်မတို့အရင်သုံးနေကျဆန် မသုံးရတော့တာ တစ်လကျော်ကျော်ရှိပြီထင်တယ်။ တကယ်ဆို (ဝယ်နေကျ ရန်ကုန်မြို့ကပို့လိုက်တဲ့) ဆန်ပြတ်သွားတာကြာပြီ။ ကျွန်မက ဆိုင်ဆိုတော့ ကြိုပြီး ပိုက်ဆံရှင်းထားတာ။ အဲဒါ‌ကြောင့် သူများထက်တော့ ဆန်ပြတ်နောက်ကျတယ်။ အခုလောလောဆယ် အခြေအနေကတော့ ရန်ကုန်ဆန်တွေမစားရတော့ဘူး ဒီမှာကလေ။ ထားဝယ်ဆန်တွေပဲ ပြန်ဝယ်သုံးနေရတယ်။ ထားဝယ်ဆန်ကလည်း ရောင်းပန်းမကောင်း‌တဲ့အခါကျတော့ ‌တော်တော်လေးမေးမြန်းပြီးမှ ဝယ်ရဲတယ်။ ပြီးတော့ အများကြီးလည်း ကြိုမဝယ်ထားရဲဘူး။

DW ။ ထားဝယ်ဆန်ထက် အရည်အသွေးကောင်းတဲ့ ရန်ကုန်ကဆင်းတဲ့ဆန်တွေ ဝယ်မရတော့ဘူးလား။

ဖြေ ။ အခုက (ထားဝယ်) တစ်မြို့လုံး ထားဝယ်ဆန်ပဲ ဝယ်‌စားနေရတာလေ။ ကျွန်မတို့ ‌(စားသောက်)ဆိုင်မှာလည်းဒီဆန်၊ အိမ်မှာစားလည်းဒီဆန်ပဲ။ အရင်တုန်းကတော့ ဆိုင်အတွက်က ကောင်းတာလေးဝယ်ပြီး အိမ်အတွက်ကျတော့ နည်းနည်းဈေးသက်သာတာဝယ်ပြီး စားတာကိုး။ ထားဝယ်ဆန်စားတစ်မျိုးကြီးပဲ ထမင်းတောင်စားမဝင်ဘူး ကျွန်မဆိုရင်။ ကြီးကျယ်လို့ပြောတာမဟုတ်ဘူး။ စားနေကျမဟုတ်တော့ ခံတွင်းပျက်သလိုဖြစ်သွားတာ။

DW ။ ဆန်အပါအဝင် စားသောက်ကုန်တွေ ပြတ်လပ်နေတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ အစစအရာရာဈေးတက်သွားတာပေါ့လေ။ အစတုန်းက ကြက်ဥတစ်လုံး(ဖောက်သည်ဈေး) ၄၀၀ (ကျပ်) ပဲပေးရတယ်။ အခု ၆၅၀ (ကျပ်) နဲ့လိုက်ပေးဝယ်တာတောင် မရတော့ဘူး။ ( ရန်ကုန်-ထားဝယ်) ကားလမ်းကလည်း ဘယ်အချိန်ပြန်ဖွင့်မလဲ မပြောတတ်ဘူး။ သူများတွေကတော့ တစ်ပတ်ဆယ်ရက်ပဲ ကြာမယ်ပြောနေကြတာ အခုဆို တစ်ပတ်ပြည့်တော့မယ် မဖွင့်သေးဘူး။ ဒီအတိုင်းဆိုရင်တော့ ဘာမှဝယ်မရဘဲနဲ့ ဆိုင်လည်းဖွင့်လို့ရတော့မှာမဟုတ်ဘူး။ ကျွန်မတို့ဆိုင်ဘေးက ကွမ်းယာဆိုင်ကလည်း ပြော နေတယ်။ (ထားဝယ်ဈေးကွက်တွင် အဓိကအသုံးပြုတဲ့ ရန်ကုန်မြို့ဘက်မှတင်ပို့သည့်) ကွမ်းရွက်တွေ သုံးလေးပိဿလောက်ပဲရှိပြီတဲ့။ တစ်နေ့ရောင်းပြီးလို့ ကုန်ရင်သူလည်း ဆိုင်ပိတ်ရမလား မသိဘူးဆိုပြီးငြီးနေတယ်။

DW ။ ဆိုင်ဖွင့်လို့မရတော့ရင် ဘာဆက်လုပ်မလဲ။

ဖြေ ။ (ရန်ကုန်-ထားဝယ်) လမ်းပြန်ဖွင့်မယ့်အချိန် စောင့်ရုံပဲရှိတော့တာပေါ့။ မြန်မြန်ဖွင့်ပါစေပဲ ဆုတောင်းနေတယ်။ အဲလမ်းမပွင့်ရင်တော့ လူတွေလည်း စားစရာသောက်စရာ ရှိတော့မှာမဟုတ်ဘူး။ စားစရာမပြောနဲ့ ဘုရားပန်းကပ်ဖို့ ပန်းတောင်ဝယ်လို့ရတော့မှာ မဟုတ်ဘူး။

“စစ်ကြောင်းက ကျွန်မတို့ ဒေသကို ခဏခဏဝင် နေတော့ စျေးဆိုင်တွေမှာလည်း ဆန်ကိုစုပြီး မဝယ်ထားရဲကြတော့ဘူး”

နဘုလယ်ဒေသခံအမျိုးသမီး(ရေဖြူ)

DW ။ နဘုလယ်ဒေသမှာ ဆန်ရရှိမှုအခြေအနေဘယ်လိုရှိလဲ။ ဘာတွေကြုံနေကြရလဲ။

ဖြေ ။ ဆန်ကတော့ ပြတ်နေတယ်။ ရန်ကုန်ဆန်တွေ ပြတ်နေတာပါ။ ခုနောက်ပိုင်းကားတွေကို ကိုယ်စားချင်တဲ့ဆန်တွေ မှာလိုက်ရင်မရတာကများတယ်။ ပေါ်ဆန်းတို့၊ ဂျပန်ဆန်တို့၊ အေဝမ်းတို့ဆို ရင်မရတာကြာနေပြီ။ ကားသမားတွေ ဝယ်လာပေးတဲ့ ဆန်ကို ပဲစားနေကြရတယ်။

DW ။ ဒါဆိုရင် အခုဘယ်လိုဆန်အမျိုးအစားတွေကို ဝယ်စားနေရလဲ။

ဖြေ ။ အခုဆို ထားဝယ်ဆန်ပေါ့၊ မေထက်သာ၊ဇီယာ ထားဝယ် ဆန်ရှည်၊ ပြည်ကျော်၊ နန်းတော်ဦး တို့လို ဆန်တံဆိပ်တွေပဲရတော့တယ်။ အစားများတဲ့ ရွှေဘိုဆန်ဆိုရင် မှာလို့မရတာ တော်တော်ကိုကြာနေပါပြီ။

DW ။ ဘာကြောင့် ရန်ကုန် ဆန်ပဲစားကြတာလဲ။

ဖြေ ။ ထားဝယ်ဆန်က ချက်လိုက်ရင် ဆန်မတိုးဘူး၊ ထမင်းမတက်ဘူး။ စားရတာ မာတယ်။ ပြီးရင် ပေါင်မပြည့်ဘူးသူက။ ရန်ကုန်ဆန်ဆိုရင် ၂၄ ပြည် ဆို ၂၄ ပြည် အပြည့်ရတယ်။ စျေးကွာသလောက် စားရတာလည်းကွာတယ်။

DW ။ ဆန်နဲ့ ပတ်သက်ပြီး အခု‌ရောတစ်ခြားရော ဘယ်လိုပြသနာတွေ ကြုံတွေ့နေရလဲ။

ဖြေ ။ ဆန်မရှိအောင် လုံး၀ပြတ်သွားတာမျိုးတော့မရှိဘူး။ တစ်ခုတော့ရှိတယ်။ အရင်ကလို ဆန်ကိုဝယ်သိုထားလို့ မရတော့ဘူး။ ဆိုင်တွေက ဘာလို့လဲဆို စစ်ကြောင်းက ကျွန်မတို့ ဒေသကို ခဏခဏဝင်နေတော့ စျေးဆိုင်တွေမှာလည်း ဆန်ကိုစုပြီး မဝယ်ထားရဲကြတော့ဘူး။ တစ်အိတ်လိုမှ တစ်အိတ်မှာစား နေကြရတယ်။

“ဘုန်းကြီးဆွမ်းကပ်ရအောင် ပေါ်ဆန်းမွှေး တစ်ပြည်နှစ်ပြည် ဝယ်ဖို့တောင်မရှိဘူး ။ ဆန်ချောက ဘယ်မှာမှ ရှာမရဘူး”

လယ်သမားတစ်ဦး၊ ဖောင်းတောကျေးရွာအုပ်စု ၊ ကံပေါက်တိုက်နယ် ၊ ရေဖြူမြို့နယ် ။

( ယခုနှစ် ဇူလိုင်လကတည်းက ကံပေါက်တိုက်နယ် နှင့် ကလိန်အောင်မြို့ ကို စစ်အာဏာရှင်တပ်က ဆန်သယ်ယူခွင့် ကန့်သတ်ထားသည်)

DW ။ ထားဝယ်ခရိုင်မှာ ဆန်အခက်အခဲ ဖြစ်နေတယ်ပေါ့နော်။ ကံပေါက်တိုက်နယ်မှာရော ဘယ်လိုကြုံနေရလဲ။

ဖြေ ။ ဆန်တွေကို တစ်ရွာနဲ့ တစ်ရွာ အသယ်အပို့လုပ်လို့မရဘူး။

DW ။ ဦးလေးတို့ဆီမှာ ဆန်ကို လုံလုံလောက်လောက် ဝယ်လို့ရသေးလား။

ဖြေ ။ ဝယ်လို့ရတယ်။ ဦးလေတို့တစ်ရွာပဲနော်။ ဘာဖြစ်လို့လဲဆိုတော့ ဆန်စက်နဲ့နီးတယ်။ ဆန်စက်နဲ့နီးတော့ ဆန်စက်နဲ့လယ်ရှင်တွေက စပါးကြိတ်ပြီးတော့ ရောင်းပေးတယ်ပေါ့။

DW ။ ရန်ကုန်ဘက်၊ ထားဝယ်ဘက်လာတဲ့ဆန်တွေရော ဝယ်စားလို့ရသေးလား။

ဖြေ ။ ကံပေါက်မှာ(ရန်ကုန်ဘက်က) ဆန်မရှိဘူး။ ဒီက(ဖောင်းတောအုပ်စု) ဆန်ပဲစားနေရတယ်။ အပေါ်ကဆင်း(ရန်ကုန်၊ထားဝယ်ဘက်မှလာသည့်)တဲ့ဆန်မရှိတော့ဘူး။ ဒီကကြိတ်တဲ့ဆန်ပဲရှိတယ်။

DW ။ အဲဒီလိုဆိုတော့ ဒေသထဲ ဆန်လုံလောက်ရဲ့လား။

ဖြေ ။ စားလို့အဆင်ပြေလား(လုံလောက်လား)ဆိုတာကတော့ ကိုယ်ကိုယ်တိုင် လယ်ရှင် ဆိုရင် ကိုယ့်အိမ်လယ်ကထွက်တဲ့စပါးပဲ ကိုယ်စားတယ်ဆိုတော့ ကိုယ်တော့စားလို့ရနေသေးတယ်ပေါ့။ ရန်ကုန်ဘက်ကလာတဲ့ဆန်ကတော့ ဝယ်ဖို့လည်းမရှိဘူး။ ထပ်လည်း ဆင်းမလာဘူး။

DW ။ တိုယ်နယ်ထဲက ဆန်စက်တွေ ပိတ်မယ်လို့ ပြောတာကြားရတယ်။ အဲဒါဟုတ်လား။

ဖြေ ။ အဲဒါကလည်း ကောလာဟလလား။ တကယ်လားတော့မသိဘူး။ ကိုယ့်အိမ်ကတော့ ကိုယ်စားလောက်သလောက်ပေါ့၊ စပါးဆယ်တင်းကြိတ်ပြီးတော့ ထည့်စရာကောင်းတာနဲ့ ထည့်ထားတယ်။ ဗမာလို ဝါခေါင်လပြည့်ကျော်(ဇူလိုင်လ)မှာ ပိတ်မယ်သတင်းစကြားတယ်။ အဲဒီမှာ ဆယ်တင်းကြိတ်လိုက်တယ်။ စပါးဆယ်တင်းက ကြိတ်တယ်နော်။ တကယ်လို့များ ပိတ်သွားခဲ့သည်ရှိသော် ကိုယ်စားဖို့အတွက်ရအောင်ပေါ့။ ကောလာဟလထွက်ပြီးတာနဲ့ ဆန်ကြိတ်သမား များတာကတော့မပြောနဲ့ နေရောညရော ကြိတ်နေရတယ်။ စပါးကြိတ်ခတော့ စျေးမတက်ဘူး။ တစ်တင်းကြိတ်ခ ကျပ် ၁၅၀၀ ပေးရတယ်။ ဆန်တစ်ပြည်စျေးကတော့ ၅၀၀ တက်သွားတယ်။ အခုစျေး ၄၅၀၀ (ကျပ်) ရှိတယ်။ တကယ်မြေပြင်မှာတော့ ဆန်စက်ပိတ်တာမျိုးတော့ မရှိသေးဘူး။ ကောလာဟလကတော့ တစ်ယောက်နဲ့တစ်ယောက် သတင်းကြားပြီး ပိတ်မယ်ဆိုတော့ ပိုကြိတ်ထားရမယ်ဆိုပြီးတော့ ကိုယ့်အိမ်ကလည်းကြိတ်၊ သူများအိမ်ကလည်းကြိတ် အဲလိုပေါ့။ ပြီးတော့ သင်္ကန်းတောရွာဆိုတာ အခုဆန်စက်ရှိတဲ့ရွာနဲ့ဆို သုံးလေးမိုင်လောက်ကွာတယ်။ (သင်္ကန်းတောရွာအနီးတွင် စစ်အာဏာရှင်တပ်၏ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း တည်ရှိပြီး ရွာအဝင်တွင်လည်း မောရဝတီရေတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်ခေါ် ပျူစောထီးများက ဂိတ်ထိုင်လေ့ရှိသည်) အဲဒီကနေ ဒီရွာအထိကို စပါးတောင်ပေးမသယ်ဘူး။ စပါးရောင်းမယ်ဆိုလို့ ဝယ်ထားပြီး အဲဒီကစပါးကျီထဲမှာပဲ နေရာကျနေလို့ လိုချင်တဲ့အချိန်မှ ယူမယ်ဆိုပြီးတော့ ထားထားတာ၊ အဲဒီစပါးတွေကို အခုသယ်လို့မရဘူး။ ဆန်တောင်မဟုတ်ဘူး စပါးတောင်သယ်လို့မရဘူး။

DW ။ အခု အခြေအနေအရ ဆို ဒေသတွင်းကဆန်ပဲ ဦးစားပေးစားနေရတဲ့ အခြေအနေလား။ သယ်ယူပို့ဆောင်ရေး အခြေအနေရောဘယ်လိုရှိလဲ။

ဖြေ ။ ကံပေါက်ကတော့ ဒီကဆန်ပဲ အတော်များများစားနေရတယ်။ အရင်ကဆို ဆန်ကို တစ်နေ့ကို ကားတစ်ခေါက်ဆိုရင် ဆန်အိတ်နှစ်ဆယ်၊ သုံးဆယ်တင်လို့ရတယ်။ ဆန်အိတ်တွေကို စစ်တပ်က တစ်ရက်ဖမ်းလိုက်တယ်။ နောက်ပိုင်းမှာ တစ်အိတ် နှစ်အိတ်ပဲ ပေးသယ်တော့တယ်။ ကားသမားတွေက ဂိတ်( စစ်အာဏာရှင်တပ်၏ ခလရ ၂၇၃ တပ်ရင်းအရှေ့ရှိဂိတ်) ကိုညှိပြီး ပြေလည်အောင်လုပ်ကြတယ်။ ညှိပြီးမှ ငါးအိတ်၊ ခြောက်အိတ်လောက်ပြန်တင်လို့ရတယ်။ ကားသမားဆီက ပြန်သိရတာက ဂိတ်ကို အရက်နဲ့ရေနဲ့ပေးရတယ်။ ပြီးတော့ ဆန်တစ်အိတ်ကိုလည်း စျေးလျှော့ရောင်းပေးရတယ်။ အဲဒီမပေးရင်လည်း ကံပေါက်ကလူတွေက ဆန်မရတော့ပြီ။ ကံပေါက်မှာ အလှူလုပ်ဖို့ ဘုန်းကြီးကပ်ရအောင် ပေါ်ဆန်းမွှေး တစ်ပြည် နှစ်ပြည် ဝယ်ဖို့တောင်မရှိဘူး။ ဆန်ချောက ဘယ်မှာမှ ရှာမရဘူး။

DW ။ ဇာဒီအုပ်စု ဘက်ခြမ်းအခြေအနေရော ဘယ်လိုကြားရလဲ။

ဖြေ ။ ဇာဒီထဲကို ဆန်ဝင်မရဘူးလို့ကြားတယ်။ ပယရွာက သူငယ်ချင်း တစ်ယောက်က ပယရွာဘက်ကို ဆန်ရောင်းမယ်လို့ သူ့စပါးခြွေစက်က စပါးကိုကြိတ်ပြီး ဆန်ရရင်ရောင်းမယ်လုပ်တာ ပယကို သယ်ဆောင်လို့မရဘူး။

DW ။ ဆန်စပါးအခက်အခဲက ဒေသဆန်တွေကို အားကိုးလာရတော့ ရွာက လယ်တွေအခြေအနေရော ဘယ်လိုရှိလဲ။

ဖြေ ။ နှစ်တိုင်းဆိုရင် ရွာကလယ်တွေက လယ်ပစ်(ပစ်ထားသည့်လယ်) တွေများတယ်။ အခုနှစ် ကတော့ လယ်တွေအကုန်စပါးပြည့်နေတယ်။ အကုန်ပြန်လုပ်နေကြတယ်။နှစ်တိုင်းက ဒီလိုမရှိဖူးဘူး။

DW ။ ပွင့်လင်းရာသီ အထိ ရန်ကုန်ဆန်ကို ကုန်သွယ်ဖို့ပိတ်ထားရင် ဘာဆက်ဖြစ်နိုင်လဲ။

ဖြေ ။ အဲဒီလိုတော့ ခန့်မှန်း မတတ်ဘူး။ လယ်ပိုင်ရှင်တွေက စပါးတစ်ဝမ်းစာ(တစ်အိမ်ထောင်စု စားလောက်သည့်ပမာဏ) ပြည့်အောင်ချန်ရတယ်။ တစ်ဝမ်းစာမပြည့်ရင်မနေကြဘူး။ တစ်ဝမ်းစာကနေပိုမှ ရောင်းကြတယ်။ လယ်ရှိတဲ့သူကတော့ အခက်အခဲမရှိပေမယ့် လယ်မရှိတဲ့သူ မြို့ဆန်တွေကိုအားကိုးပြီး ဝယ်စားကြတဲ့သူတွေတော့ အခက်အခဲ ဖြစ်မယ်။

“ဆန်အရောင်းအဝယ်လုပ်ရတာက အရင်လို အဆင်မပြေတော့ဘူး။ သယ်လို့မရဘူးဆိုနားလိုက်၊ ဝယ်သမားမရှိရင်နားလိုက် နားနေရာတာကများတယ်”

ဆန်စပါးအဝယ်တော်တစ်ဦး ‌လောင်းလုံးမြို့နယ်

DW ။ ရန်ကုန်ဆန်တွေ ထားဝယ်ဘက်မဆင်းတော့တာ ဘာကြောင့်လဲဆိုတာသိရလား။

ဖြေ ။ ကျွန်မသိရသလောက်ကတော့ သယ်ခွင့်မပေးတော့ဘူး။ သူတို့ကဘယ်လိုလဲဆိုတော့ ဒေသဆန်ကိုပဲ ဖူလုံအောင်လုပ်ပြီး ကိုယ့်ဒေသထွက်တာကိုပဲ ကိုယ့်ဒေသမှာပြန်အသုံးပြုစေတဲ့ ပုံစံမျိုး စစ်တပ်က လုပ်နေတယ်လို့တော့ ပြောတာကြားရတယ်။

DW ။ ဒေသထွက် ဆန်စပါးတွေကိုရော တစ်မြို့နယ်နဲ့ တစ်မြို့နယ် အလွယ်တကူ သယ်သွားပြီး ရောင်းလို့ရလား။

DW ။ အဲဒါမျိုးလည်းမရဘူး။ လောင်းလုံးကနေ ထားဝယ်(မြို့ပေါ်) ကိုတောင် သယ်ရတာတော်တော်ခက်တယ်။ ကျွန်မကတော့ ဒီမှာ( လောင်းလုံးမြိုနယ်) စပါးဝယ်၊ ဆန်ကြိတ်ပြီး ထားဝယ်ဒိုင်ဆီ ပို့တာလောက်ပဲလေ။ ထားဝယ်ဒိုင်ကနေပြီးမှ ကျန်တဲ့မြို့နယ်တွေကို ပြန်ရောင်းတာဆိုတော့ တခြားမြို့နယ်တွေကို သယ်ရတာနဲ့ပတ်သက်ပြီးတော့ သိပ်မသိဘူး။ လောင်းလုံးမှာတော့ သယ်ရပြုရတာ တော်တော်ခက်တယ်။ အဓိကကတော့ (ထားဝယ်မြို့အဝင်) ကမြောကင်းတံတားဂိတ်မှာပေါ့လေ။

DW ။ မြို့အဝင်ဂိတ်တွေမှာ ဆန်သယ်လာတာရှိရင် ဘာပြောလဲ။ ဖမ်းဆီးတာလား။

ဖြေ ။ အဲဒါကတော့ တစ်ခါနဲ့တစ်ခါမတူဘူး။ ကျွန်မတို့ကတော့ ဖမ်းခံရပြီး ဆန်သိမ်းခံရတာမျိူးတော့ မကြုံဖူးဘူးပေါ့နော်။ ထားဝယ်ဒိုင်ကနေပြီး သူတို့ လုပ်ပေးထားတာတွေရှိတယ်။ ဘယ်လိုလုပ်ထားလဲတော့ ကျွန်မတို့လည်း မသိဘူးအဲဒါကတော့။ တကယ်လို့ စစ်ဆေးတာရှိရင် ဘယ်ဒိုင်ကို ဘယ်သူ့ဆီကိုပို့မှာ အဲလိုပြောလိုက်ရင်ရပြီ။ ကျန်တာသူတို့ရှင်း။ ကျွန်မတို့က ဒီကစပါးကြိတ်ပြီး ဆန်ပို့ပေးတာလောက်ပဲ။

DW ။ ရန်ကုန်ကပို့တဲ့ဆန်မရှိဘဲ ဒေသထွက်ဆန် ဒီဒေသမှ စားလို့လောက်မယ်ထင်လား။

ဖြေ ။ အဲဒါလည်း မပြောတတ်ဘူး။ အရင်တုန်းကတော့ ရန်ကုန်ဆန်ဆင်းနေတဲ့အခါကျတော့ ရန်ကုန်ဆန်ပဲ စားနေကြတော့လေ။ အခုရန်ကုန်ဆန်မဆင်းတော့ရင် ကိုယ်ဒေသကဆန်ပဲ စားကြရမှာပေါ့။ ဒါပေမဲ့ ကိုယ့်ဒေသမှာလည်း တစ်နေရာနဲ့တစ်နေရာ ပို့တဲ့အခါကျရင်လည်း စစ်ဆေးခံနေရတာတွေရှိတော့ လယ်မရှိတဲ့ဘက်မှာတော့ အခက်အခဲဖြစ်လိမ့်မယ်။ ရန်ကုန်ဆန်ဝယ်လည်းမရ၊ ထားဝယ်ဆန်လည်း ဝယ်မရဖြစ်မလားပေါ့လေ။ အဲဒီတစ်ခုတော့ရှိတယ်။

DW ။ ဒေသခံတွေက ဆန်ဝယ်ဖို့ တော်တော်အခက်ခဲ တွေ့ရမှာပဲပေါ့။

ဖြေ ။ ကျွန်မတို့ဘက်မှာတော့မဖြစ်ဘူး။ လယ်ပေါတာကိုး။ လယ်မရှိတဲ့ဘက်မှာတော့ ဖြစ်မယ်။ အဓိကကတော့ အဲဒီ ဆန်အိတ်လိုက် ဝယ်စားနိုင်တဲ့သူကတော့ ကိုယ်စားဖို့လောက်ဆို သယ်လို့ရတယ်။ သုံးဘီးတွေနဲ့ဖြစ်ဖြစ်တင်သွားလို့ရတယ်။ အရင်ကလို ဆယ်ဘီးတပ်ကားတွေနဲ့အပြည့် တင်ပြီးသွားလို့ပဲမရတာ။ အိတ်လိုက်မဝယ်စားနိုင် သူတို့ကျတော့ ဘယ်လိုလုပ်နေကြလဲမသိဘူး။ ကျွန်မတို့ဘက်မှာတော့ စပါးတင်းလိုက်ဝယ်ပြီး ကြိတ်ခွဲစား‌လို့ရတယ်လေ။

DW ။ စပါးစက်တွေလည်း ပိတ်မယ်ပြောသံကြားတယ်။ အဲဒါဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ အဲဒီစကားက ဘယ်နေထွက်လာမှန်းတော့မသိဘူး။ ကျွန်မတို့လည်းကြားနေရတာကြာပြီ။ ဟုတ်လားမှန်လားလည်း တပ်အပ်မ‌ပြောနိုင်ဘူး။ အခုထိတော့ ပိတ်ခိုင်းတာမျိုးမရှိသေးဘူး။ သူတို့ပိတ်ခိုင်းလည်း မြို့ပေါ်လောက်ပဲရမှာပါ။ ရွာ‌ကဆန်စက်တွေကိုတော့ ပိတ်လို့မရဘူးလေ။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ဆန်အရောင်းအဝယ်လုပ်ရတာက အရင်လို အဆင်မပြေတော့ဘူး။ သယ်လို့မရဘူးဆိုနားလိုက်၊ ဝယ်သမားမရှိရင်နားလိုက် နားနေရာတာကများတယ်။ ဝယ်သမားရော သယ်လို့လည်းရတယ်ဆိုမှ အဆင်ပြေတာ။ အဲဒီအချိန်ကျမှ စပါးတွေ အခုချက်ချင်းလိုက်ဝယ်။ စပါးစက်ကိုပို့။ ခုချက်ချင်း ဆန်ဖွတ်ပြီး ထားဝယ်ပို့လို့ရအောင်လုပ်နေရတာ။ လန့်လန့်ဖြန့်ဖြန့်နဲ့ အလုပ်လုပ်နေကြရတယ်။

DW ။ ကျေးဇူးတင်ပါတယ်။