BREAKING
November 2, 2025

နိုင်ပွဲလိုနေတဲ့ မန်ယူအတွက် ဒိုင်လူကြီးလက်ဆောင် ပင်နယ်တီအခွင့်အရေးနဲ့ ပထမဆုံး ၃ မှတ်ရပြီ

August 31, 2025

မန်ယူဟာ ဒီရာသီအတွင်း ပထမဆုံးနိုင်ပွဲကို ရှာဖွေရရှိသွားခဲ့ပါပြီ။ ဒါပေမဲ့ နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်မှာ မန်ယူအတွက် ပင်နယ်တီအခွင့်အရေး ပေးလိုက်လေတော့ နည်းပြ အေမိုရင် ဆက်ရှိနေအောင် လွတ်လမ်းတစ်ခု ဖန်တီးပေးလိုက်လေသလားလို့တောင် တွေးချင်စရာကောင်းနေပါတော့မယ်။ ညာခြမ်းကို ဘယ်ခြေသန်တဲ့ကစားသမားနှစ်ယောက် ထည့်ကစားနေတာကိုက မန်ယူရဲ့အမှားပါပဲ။ ဒါပေမဲ့ ဒီအမှားကို မန်ယူနည်းပြ အေမိုရင်ဟာ မပြင်ဆင်ခဲ့ပါဘူး။

ဘန်လေဟာ အဝေးကွင်းကို လာရောက်ကစားရတာဖြစ်ပေမယ့် မန်ယူကို ရှိန်မနေခဲ့ပါဘူး။ သူတင်ကိုယ်တင် အကောင်းဆုံးကစားသွားခဲ့ပါတယ်။ တိုက်စစ်ကို အားပြုလိုက်ရင် ခံစစ်ပွင့်ထွက်သွားတတ်လေ့ရှိတာ၊ ခံစစ်ကို အားပြုလိုက်ရင် တိုက်စစ်က ဂိုးမရတော့တာတွေ အမြဲဖြစ်တတ်လေ့ရှိတဲ့မန်ယူဟာ ဒီနေ့မှာလည်း ဒီအဆင်နဲ့ပဲ ကစားသွားခဲ့ပါတယ်။

နိုင်ပွဲလိုအပ်နေတော့ တိုက်စစ်ကို အားပြုလိုက်တဲ့အတွက် မန်ယူခံစစ်ဟာ ပွင့်ထွက်နေခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ မန်ယူအတွက် အေမိုရင် ၃-၅-၂ ကစားကွက်ဟာ အဆင်မပြေလှပါဘူး။ ကြည့်ရတာ မန်စီးတီး၊ ချယ်လ်ဆီးတို့ကို ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင် မန်ယူ တစ်ပွဲလောက်ပြန်နိုင်အောင် ဘောင်ထဲကနေ လုပ်ပေးလိုက်တယ်လို့ပဲ ယူဆမိပါတယ်။

ပွဲကစားချိန် ပထမပိုင်း ၂၇ မိနစ်မှာ ဘန်လေကစားသမားက ကယ်လ်လန်က ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိသွားတဲ့အတွက် မန်ယူဟာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ဒီဂိုးကြောင့်ပဲ ပရီးမီးယားလိဂ်သမိုင်းမှာ ရာသီဖွင့် ဂိုးနှစ်ဂိုးကို သူများအသင်းက ကိုယ့်ဂိုးကိုယ်ပြန်သွင်းပေးမှရရှိတဲ့ ပထမဆုံးအသင်းအဖြစ် မန်ယူက သမိုင်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန် ၅၅ မိနစ်မှာတော့ ဘန်လေအတွက် ချေပဂိုးကို ဖော်စတာ သွင်းယူလိုက်တာကြောင့် မန်ယူ ဗျာများသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ မန်ယူက တိုက်စစ်အရှိန်အဟုန်ကို ပြန်မြှင့်လိုက်တဲ့အတွက် ပွဲချိန် ၅၇ မိနစ်အရောက်မှာ အမ်ဘျူမိုက ဒုတိယဂိုးသွင်းလိုက်ပြီး ပွဲကို မန်ယူက ပြန်လည်ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။

မန်ယူဟာ ဒုတိယဂိုးရရှိပြီးတဲ့နောက် ပွဲကိုထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ပွဲချိန် ၆၆ မိနစ်ဆီအရောက်မှာ ဘန်လေက ဒုတိယမြောက်ချေပဂိုးကို ပြန်ရသွားခဲ့တာပါ။ ဒီဂိုးကိုတော့ ဘန်လေအတွက် အန်တိုနီက သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးခါနီးမှာတော့ ဘန်လေဟာ တိုက်စစ်ထက် ခံစစ်ကို အားပြုကစားလိုက်တာကြောင့် နိုင်ပွဲလိုအပ်နေတဲ့မန်ယူဟာ ဘန်လေဘက်ကို မရပ်မနား ဖိအားပေးလာနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ပင်နယ်တီအခွင့်အရေးရသွားခဲ့ပြီး ဒီပင်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က ဖူလ်ဟမ်နဲ့ပွဲတုန်းကလို မိုးပေါ်ထောင်မကန်တော့ဘဲ ဂိုးဝင်အောင် ကန်ခဲ့လို့ ပွဲအပြီးမှာ မန်ယူက ဘန်လေကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်သွားခဲ့ပါတယ်။

မန်ယူဟာ ရှေ့လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့ ဆက်တိုက်ကစားရတော့မှာပဲဖြစ်ပါတယ်။