ချယ်လ်ဆီးဟာ ရာသီအဖွင့်ပွဲစဉ်တုန်းက ခရစ္စတယ်လ်ပဲလေ့စ်ကို ဂိုးမရှိသရေကျခဲ့ပေမယ့် အခုတော့ လန်ဒန်မြို့ခံပြိုင်ဘက်နှစ်သင်းကို ဆက်တိုက်အနိုင်ယူပြီး ရမှတ် ၇ မှတ်အထိ ရရှိပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်ဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ဒီပွဲကို မန်ယူကနေ ချယ်လ်ဆီးဆီကို ပြောင်းလာခဲ့တဲ့ တိုက်စစ်တောင်ပံကစားသမား ဂါနာချိုက ပွဲကြည့်စင်ထက်ကနေ လာရောက်ကြည့်ရှုအားပေးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က မန်ယူအနေနဲ့ ပင်နယ်တီလွဲပြီး တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့တဲ့ ဖူလ်ဟမ်ကို ဒီနေ့မှာ ချယ်လ်ဆီးက နှစ်ဂိုးပြတ် အနိုင်ယူပြသွားခဲ့ပါတယ်။
ချယ်လ်ဆီးနည်းပြ မာရက်စ်ကာ ဟာ ၄-၂-၃-၁ ကစားကွက်နဲ့ အသင်းကို အထိုင်ချခဲ့ပြီး လီယန် ဒီလပ်က အထောင်တိုက်စစ်မှူးအဖြစ် ကစားသွားခဲ့ပါတယ်။
ဖူလ်ဟမ်ဟာ ချယ်လ်ဆီးကို ၄-၂-၃-၁ ကစားကွက်နဲ့ တန်ပြန်ခဲ့ပေမယ့် သိပ်ပြီး ထိရောက်မှု မရှိခဲ့ပါဘူး။ ချယ်လ်ဆီးဟာ ပထမပိုင်း ၄၅ မိနစ်အတွင်း အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် အဖွင့်ဂိုးရရှိပြီးတဲ့နောက်မှာတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်မှု မြင့်တက်သွားခဲ့ပါတယ်။
ဖူလ်ဟမ်ဘက်က ပွဲအစ ၂၁ မိနစ်မှာ ချယ်လ်ဆီးဘက်ကို ဂိုးသွင်းခဲ့ပေမယ့် VAR နဲ့ စစ်ဆေးအပြီးမှာ ဒီဂိုးကို ပယ်ဖျက်လိုက်ပါတယ်။ ပထမပိုင်း နာကျင်အချိန်ပို ၄၅+၉ မိနစ်ဆီအရောက်မှာတော့ ချယ်လ်ဆီးက လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို ရယူလိုက်နိုင်ပြီး ဒီဂိုးကို ပီဒရိုက သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း ၅၆ မိနစ်အရောက်မှာတော့ ချယ်လ်ဆီးဟာ ပင်နယ်တီအခွင့်အရေးရရှိသွားခဲ့ပြီး ဒီပင်နယ်တီကို အန်ဇို ဖာနန်ဒက်ဇ်က ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာ မန်ယူ မနိုင်ခဲ့တဲ့ ဖူလ်ဟမ်ကို ချယ်လ်ဆီးက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။
ချယ်လ်ဆီးဟာ အခုမတိုင်ခင် ပရီးမီးယားလိဂ်ပွဲစဉ်(၂)တုန်းက လန်ဒန်မြို့ခံပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ ဝက်စ်ဟမ်းကို ဝက်စ်ဟမ်းရဲ့အိမ်ကွင်းမှာ ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြခဲ့ပါတယ်။







