ထိုင်းနိုင်ငံ ကြက်မွေးမြူရေးခြံတွင် မြန်မာအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံနေသည့် ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်တွင်မျှဝေကာ ပြောဆိုခဲ့သဖြင့် တရားစွဲဆိုခံထားရသည့် ထိုင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးသုံးဦး အမှုအနိုင်ရသည်။
၂၀၁၆ခုနှစ်က လှဘူရီခရိုင်ရှိ ထမ်မကစက် ကြက်မွေးမြူရေးခြံတွင် မြန်မာအလုပ်သမား ၁၄ ဦး အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုကို လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သည့် Fortify Rights က မေးမြန်းထားပြီး ရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့သည်။
ယင်းမှတ်တမ်းကို ထိုင်းတက်ကြွလှုပ်ရှားသူသုံးဦးဖြစ်သည့် Angkhana Neelapaijit၊ Puttanee Kangkun နှင့် Thanaporn Saleephol တို့က ၎င်းတို့၏ Facebook ၊ Twitter လူမှုကွန်ရက်တွင် ထပ်ဆင့်မျှဝေကာ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုအကြောင်း ရေးသားခဲ့ကြသည်။
ထို့ကြောင့် ကြက်ခြံပိုင်ရှင်က တက်ကြွလှုပ်ရှားသူ သုံးဦးကို ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တို့တွင် အသရေဖျက်မှုဖြင့် တရားစွဲထားခဲ့ခြင်းဖြစ်သည်။
ယင်းသို့တရားစွဲဆိုမှုကို တရားရုံးက ယခုဩဂုတ်လ ၂၉ ရက်တွင် အပြစ်မရှိကြောင်း အမိန့်ချခဲ့ခြင်းဖြစ်သည်။
အထက်ပါတက်ကြွလှုပ်ရှားသူ သုံးဦး၏ အင်တာနက်လူမှုကွန်ရက်တွင် ရုပ်သံမှတ်တမ်း မျှဝေခြင်းမှာ အသရေဖျက်မှု မမြောက်ဟု ဆုံးဖြတ်ချက်ချခဲ့ကြောင်း ၎င်းတို့၏ ရှေ့နေတစ်ဦးက AFP သတင်းဌာနကို ပြောဆိုထားသည်။
ထိုင်းကြက်ခြံပိုင်ရှင်သည် ယင်းဖြစ်စဉ်ဖြစ်ခဲ့သော ၂၀၁၆ ခုနှစ်မှစ၍ အလုပ်သမားများ၊ သတင်းထောက်များ အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားသူ ၂၂ ဦးကို အသရေဖျက်မှု ၃၇ မှုအထိ တရားစွဲခဲ့ပြီး ၃၆မှုတွင် ရှုံးနိမ့်ခဲ့သည်။
မြန်မာအလုပ်သမားများသည် အဆိုပါကြက်ခြံတွင် အလုပ်ချိန် တစ်ရက် နာရီ ၂၀ အထိ အလုပ်လုပ်ကိုင်ခဲ့ရပြီး ရက် ၄၀ ပြည့်သည်အထိ နားရက်မရှိဘဲ အလုပ်လုပ်ကိုင်ခဲ့ရကြောင်း Fortify Rights က ဖော်ထုတ်ခဲ့သည်။
လုပ်အားခနှင့် အချိန်ပိုကြေး ပြည့်ပြည့်ဝဝမရရှိခဲ့သည့်အပြင် နိုင်ငံကူးလက်မှတ်နှင့် စာရွက်စာတမ်းများပါ သိမ်းဆည်း ခံထားကြရကြောင်းလည်း ဆိုခဲ့သည်။
ယင်းသို့ဖော်ထုတ်ပြီးနောက် ထိုင်းအာဏာပိုင်များက စုံစမ်းခဲ့ပြီး နစ်နာမှုများအတွက် မြန်မာအလုပ်သမားများကို ဘတ် ၁ ဒသမ၇ သန်းနှင့် ညီမျှသော အမေရိကန်ဒေါ်လာငါးသောင်းကို လျော်ကြေးပေးရန် အလုပ်ရှင်ကို တရားရုံးက ၂၀၁၉ခုနှစ်တွင် အမိန့်ချခဲ့သည်။
တရားစွဲခံရမှုအတွက် ထိုင်းလူ့အခွင့်အရေးအဖွဲ့အစည်းများက ထိုင်းနိုင်ငံ၏ အသရေဖျက်မှုဥပဒေအပေါ် ဝေဖန်ခဲ့ကြပြီး အကယ်၍ ပြစ်မှုမြောက်ပါက ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၂ သိန်းအထိ ကျခံရနိုင်ခြေရှိသည်။
Ref: Bangkok Post, BBC, The New York Times, AFP