BREAKING
October 20, 2025

ကလိန်အောင်နှင့် မလွှဲတောင်ကြား ပြည်ထောင်စုလမ်းတွင် ထိတွေ့ပစ်ခတ်မှုဖြစ်၊ ရွာသားများတိမ်းရှောင်

July 31, 2025

ပုံစာ - ကလိန်အောင်မြို့နှင့် မလွှဲတောင်ကြား တိုက်ပွဲဖြစ်ပွားရာ ပြည်ထောင်စုလမ်းရှိ ကျေးရွာတစ်ရွာ။ ဓာတ်ပုံ - ပေးပို့ ။

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နှင့် မလွှဲတောင် စစ်ကောင်စီစစ်ဆေးရေးဂိတ်အကြား လမ်းပိုင်းတွင် ဇူလိုင်လ ၃ဝ ရက်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဇူလိုင်လ ၃၀ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး မိနစ် ၃၀ခန့် ကြာမြင့်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီတပ်ဘက်ကမူ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားချိန်မှ ညနေပိုင်းအထိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့ကာ စစ်ရေးတင်းမာနေဆဲ အခြေအနေတွင် ရှိကြောင်း အဆိုပါတိုက်ပွဲတွင် ပါဝင်သည့် တော်လှန်ရေးပူးပေါင်းမဟာမိတ်မှ တပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မဟာမိတ်တွေဘက်က တစ်ယောက်ကျတယ်။ စစ်ကောင်စီဘက်ကလည်း သုံးယောက်လည်း သေပြီး ဒဏ်ရာရသူတွေ ရှိတယ်။ စစ်ရေးကတော့ ပိုပြင်းထန်လာမယ့် အခြေအနေမှာရှိတယ်။ ပြည်သူတွေက သတိဝီရီယနဲ့ နေဖို့တိုက်တွန်း ချင်တယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီ၏ မောရဝတီရေတပ်နှင့် ခလရ ၂၈၂ တပ်ရင်းတို့က လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကော့လှိုင် ၊ မရမ်းချောင်း၊ မိုင် ၆၀ စသည့် ကျေးရွာများက ရွာသားများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း ရွာသားများထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၃၁ ရက်တွင်မူ လက်နက်ကြီး ပစ်ခတ်သံမကြားရသလို ထိတွေ့ပစ်ခတ်သံလည်း မကြားရသေးကြောင်း ဒေသခံများက ဆိုသည်။

“လက်နက်ကြီးက တိုက်ပွဲ မဖြစ်ခင်နေ့တွေကတည်းက ထုနေတယ်။ ရွာသားတွေက ရှောင်နေကြတာ သုံးရက်လောက်ရှိပြီ။ နေ့ဘက်ဆို ရွာထဲခဏဝင်ကြည့် ယူစရာရှိတာယူပြီး ညဘက်တွေက အခြားနေရာများ ပြောင်းအိပ်နေကြရတယ်။ ရွာမှာ ညအိပ်တဲ့သူ မရှိတော့ဘူး” ဟု တိမ်းရှောင်နေရသည့် ကလိန်အောင်ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇူလိုင်လ ၂၂ ရက်ကတည်းက မရမ်းချောင်းရွာတွင် ဝါယာကြိုးများ ပြတ်တောက်နေသည်ကိုလည်း စစ်ရေးအခြေအနေ တင်းမာနေသဖြင့် ကုမ္ပဏီဘက်က လာပြင်ဆင်ပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် မရမ်းချောင်းရွာမှ ကျွဲတလင်းရွာအထိ ကားလမ်းမတစ်လျှောက် ကျေးရွာ ၁၀ ရွာ ဝန်းကျင်တွင် လျှပ်စစ် နှင့် အင်တာနက် အခက်အခဲလည်း ဖြစ်နေကြောင်း အထက်ပါကျေးရွာများတွင်နေထိုင်သည့် ဒေသခံများက ပြောဆိုသည်။