BREAKING
October 20, 2025

ပန်းတင်အင်းရွာတွင် စစ်ကောင်စီတပ် နေအိမ် ၁၀ကျော်ကို မီးရှို့ပြီး ဒေသခံ ၁၀ကျော်ကို ဖမ်းခေါ်

July 31, 2025

ဓာတ်ပုံ - LLW

လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာမြောက်ပိုင်းတွင် ဇူလိုင်လ ၂၉ ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်က နေအိမ် ၁၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၁၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပန်းတင်အင်းကျေးရွာမြောက်ပိုင်းရှိ ကွက်သစ်စာသင်ကျောင်းအနီးတွင် ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းကစပြီး အင်အား ၇၀ ခန့် ရှိ စစ်ကောင်စီတပ်ကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA တပ်ဖွဲ့နှင် ပူးပေါင်းမဟာမိတ်တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း DNLAထံမှ သိရသည်။

၁၀ နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ကွက်သစ်ဘောလုံးကွင်းအနီးရှိသည့် နေအိမ် ၁၀ ကျော်ကို မီးရှို့ခဲ့ပြီး လူငယ်အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အိမ်မီးရှို့ခံရတာ (ရွာ) အပြင်ဘက်မှာ ၁၁ ဆောင်၊ (ရွာ) အထဲမှ တစ် ဆောင် မီးရှို့ ခဲ့တယ်၊ လမ်းအလယ်မှာ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။

ပစ်သတ်ခံရသူမှာ ရေဖြူမြို့နယ်၊ မူးဒူးဒေသခံ ခမ်းမဲ ဟုခေါ်ကြသည့် လူငယ်အမျိုးသားဖြစ်ပြီး ပန်းတင်အင်း ကျေးရွာသူနှင့် အိမ်ထောင်ကျပြီး ရွာတွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် အခြားနေအိမ်များရှိ ငွေကြေး ကျပ်သိန်းသုံးရာကျော်ကိုလည်း စစ်ကောင်စီတပ်က ယူဆောင်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

“သိန်း ၅၀ ပါတဲ့ အိမ်ရှိတယ်။ ၆၀ ပါတဲ့ အိမ်ရှိတယ်။ သိန်း ၁၀၀ ၊ ၁၁၀ ပါတဲ့ အိမ်တွေရှိတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မီးရှို့ခံလိုက်ရသည့် နေအိမ် ၁၀ ကျော်အနက် နေအိမ်တစ်ဆောင်မှာမူ မိုးအကုန်တွင် အလှူလုပ်ရန် စုဆောင်းထားသည့် ငွေကျပ် သိန်း ၃၀၀ နှင့် ရွှေသား ၃၅ ကျပ်သား မီးလောင်ရာတွင် ပါသွားကြောင်း အထက်ပါဒေသခံ အမျိုးသမီးက ဆိုသည်။

“ဘာလို့ မီးထဲပါသွားတယ်လို့ ပြောနိုင်လဲဆိုရင်ရွှေက မီးလောင်ထားလို့ ဖရောင်းလို ပြားပြီးကျန်ခဲ့တယ်။ ပိုက်ဆံက ရွှေနဲ့အတူ သိမ်းထားတယ်ဆိုတော့ မီးလောင်သွားတာပဲဖြစ်မှာ” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် တိုက်ပွဲဖြစ်ပြီးနောက် ဇူလိုင်လ ၃၀ ရက်တွင် ပန်းတင်အင်းရွာသို့ အင်အားဖြည့်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့်အတူ ညနေ ၄ နာရီခန့်တွင် ရေဖြူမြို့နယ်၊ ထားဝယ် ရေနက်ဆိပ်ကမ်းရှိ စစ်ကောင်စီ ယာယီစခန်းဘက်သို့ ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရေနက်ဆိပ်ကမ်းယာယီစခန်းသို့ ထွက်ခွာချိန်တွင် ဒေသခံ ၁၀ ကျော်ကိုလည်း လူသားဒိုင်းသဖွယ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။

ဖမ်ဆီးခေါ်ဆောင်ခံရသည့် ဒေသခံများမှာ ယနေ့ ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာကြခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။