BREAKING
October 20, 2025

ကမြောကင်းတံတားတွင် လူငယ် ၁၁ ဦးကိုဖမ်းပြီး စစ်မှု‌ထမ်းရန်ခေါ်ဆောင်၊ နှစ်ဦးပြန်လွှတ်

July 31, 2025

ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၃၀ ရက် နံနက် ၈ နာရီခန့်က လူငယ် ၁၁ ဦးကို အဓမ္မစစ်မှု‌ထမ်းစေရန်အတွက် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ယင်းလူငယ်များထဲမှ နှစ်ဦးမှာ ထိုနေ့တွင်ပင်ပြန်လွတ်လာခဲ့ကြောင်း ပြန်လွတ်လာသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယင်းလူငယ်နှစ်ဦး လွတ်လာသည့် အကြောင်းနှင့် ပတ်သက်၍မူ ဖော်ပြလိုခြင်းမရှိပေ။

လူငယ် ၁၁ ဦးသည် လောင်းလုံးမြို့နယ်ဘက်မှ ထားဝယ်မြို့ဘက်သို့သွားစဉ် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်၌ အသီးသီးအဖမ်းခံလိုက်ရခြင်းဖြစ်သည်။

အဖမ်းခံရသူများမှာ လောင်းလုံးမြို့နယ်ဇာတိ လူငယ်လေးဦးနှင့် အခြားတိုင်းနှင့်ပြည်နယ်မှ လောင်းလုံးမြို့နယ်အတွင်း လာရောက်အခြေချနေထိုင်သူ ၇ ဦး စုစုပေါင်း ၁၁ ဦးဖြစ်ကြောင်း ယင်းဖြစ်စဉ်ကို သိရှိသူကပြောသည်။

“တံတားရောက်တဲ့အချိန်မှာ ကြည့်လိုက်တာနဲ့ စစ်မှုထမ်းအသက်အရွယ်ထဲမှာ ရှိနေတယ်ဆိုတာနဲ့ တခါတည်း ဖမ်းထားလိုက်တော့တယ်။ ပြီးတာနဲ့မှတ်ပုံတင်စစ်တယ်။ ဖုန်းကိုလုံးဝမစစ်ဘူး။ တစ်ယောက်ပြီးတစ်ယောက် အဲလိုမျိုးစစ်ပြီးတာနဲ့ ၁၁ ယောက်ပြည့်တာနဲ့ ကားနဲ့‌တင်ခေါ်သွားတာ” ဟု မျက်မြင်တွေ့ရှိသူကို ကိုးကားပြီး ၎င်းက Dawei Watch ကိုရှင်းပြသည်။

လူငယ် ၁၁ ဦးကို ထားဝယ်မြို့ သပြေ‌ချောင်းတပ်နယ်ရှိ အမှတ် ၄၀၁ တပ်ရင်းထဲသို့ ဖမ်းဆီးသွားသည်ဟု ၎င်းကဆိုသည်။

ယင်းနောက်လူငယ်နှစ်ဦးကို အဖမ်းခံရသည့်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး ကျန်လူငယ် ၉ ဦးကိုမူ မိသားစုဆီလည်း ဆက်သွယ်ခွင့်မပေးဘဲ စစ်သင်တန်းသို့ပို့ဆောင်ရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။

စစ်သင်တန်းသို့ပို့ဆောင်မည့် လူငယ် ၉ ဦးထဲတွင် ထားဝယ်မြို့ နှင့်မြို့အနီးနားတစ်ဝိုက် ကို ကားဖြင့်သောက်ရေသန့် လိုက်ပို့နေသည့် ရေသန့်စက်ရုံ‌လုပ်သား နှစ်ဦးပါကြောင်း မျက်မြင်တွေ့ရှိသူ ခရီးသွားမြို့ခံတစ်ဦးကပြောသည်။

“မနေ့ က လူငယ်အမျိုးသား နှစ်ဦးကို ရေသန့်ကားပေါ်က ခေါ်ချပြီး ဖမ်းခဲ့တာ သူတို့က ထားဝယ်သားတွေမဟုတ်ဘူး အထက်ကလာပြီးအလုပ်လုပ်သူတွေ”ဟု ယင်းမြို့ခံ ကပြောသည်။

ယင်းဖြစ်စဉ်ကိုကြည့်ခြင်းဖြင့် စစ်ကောင်စီတပ်သည် စစ်သားစုဆောင်းရန်အတွက် လူငယ်များကို ယခင်ကထက် အတင်းအဓမ္မစုဆောင်းလာနေသည်ကို တွေ့မြင်ရကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ကမြောကင်းတံတားဂိတ်မှာ စစ်ကားတွေဆိုက်နေပြီ။ ပုံမှန်ထက်ထူးခြားတဲ့ လက္ခဏာတွေ ရှိနေပြီဆိုရင် တံတားကို လုံးဝမဖြတ်တာအကောင်းဆုံးပဲ။ အထူးသဖြင့် စစ်မှုထမ်းအသက်အရွယ်မှာ ရောက်နေတဲ့လူငယ်တွေ သတိထားရမယ်” ဟု ၎င်းက သတိပေးပြောဆိုသည်။

အဆိုပါစစ်မှုထမ်း စုဆောင်းဖမ်းဆီးသူများမှာ ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူအချို့နှင့် မြို့ခံများထံမှစုံစမ်းသိရှိရသည်။

ယခုလအတွင်း အဆိုပါ အဖွဲ့ မှ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်၌ စစ်မှုထမ်းအဖြစ် လာရောက်ဖမ်းဆီး‌ နေသည်မှာ နှိစ်ကြိမ်ရှိပြီဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေက ကမြောကင်းတံတားစစ်ဆေးရေးဂိတ်၌ လောင်းလုံးဒေသခံခရီးသွား လူငယ်လေးဦးကို ဖမ်းဆီးပြီး ၃ ဦးးကိုစစ်သင်တန်းကျောင်း ပို့ဆောင်ခဲ့ကာ တစ်ဦးကို ပြန်လွှတ်ခဲ့သည်။