ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကားလမ်းပိတ်နေသဖြင့် မြိတ်တွင် စားသောက်ကုန်များ ဈေးတက်

July 31, 2025

ပုံစာ - မြိတ်လမ်းပိုင်းတစ်နေရာ

တိုက်ပွဲရက်ရှည်ပြင်းထန်နေ၍ မြိတ်-ပုလောလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားသဖြင့် မြိတ်ခရိုင်အတွင်း ကုန်စိမ်းနှင့် မီးဖိုချောင်သုံးစားသောက်ကုန်များ ဈေးတက်နေကြောင်း မြို့ခံများထံမှ သိရသည်။

မြိတ်-ပုလောလမ်းပိုင်းရှိ ပလမြို့ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ရက်ရှည်တိုက်ပွဲပြင်းထန်နေသလို လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အဆိုပါလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ဇူလိုင်လ ၂၅ ရက်နေ့မှစကာ ပိတ်လိုက်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) က ထုတ်ပြန်ထားသည်။

ထိုသို့ ဖြတ်သန်းခွင့်ပိတ်လိုက်ပြီးနောက် မြိတ်မြို့နယ်အပါအဝင် ကျွန်းစုမြိုနယ်၊ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ကုန်စိမ်းနှင့် စားသောက်ကုန်များ ဈေးတက်နေကြောင်း ဒေသခံများထံမှ သိရသည်။

လမ်းမပိတ်မီက မြိတ်မြို့တွင် ကြက်ဥတစ်လုံးလျှင် ၄၀၀ ကျပ်ဈေးရှိရာက လက်ရှိတွင် ၇၀၀ ကျပ်အထိ ဈေးတက်သွားသည်။

ထို့အပြင် ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၁၀၀၀ ဝန်းကျင်အထိလည်းကောင်း ၊ငရုတ်သီးစိမ်း တစ်ဆယ်သားလျှင် ကျပ်ငါးထောင်ဝန်းကျင်အထိလည်းကောင်း ဈေးပေါက်နေပြီး လမ်းမပိတ်မီကထက် သုံးဆခန့်ဈေးတက်သွားကြောင်း မြို့ခံအချို့က ဆိုသည်။

ထို့အပြင် ခရမ်းချဉ်သီး၊ဂေါ်ဖီထုပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စသည့် မီးဖိုချောင်းသုံးပစ္စည်းများလည်း သုံးဆခန့်ဈေးတက်လာကြောင်း ၎င်းတို့က ပြောသည်။

ဆန်တစ်အိတ်လျှင် ပျမ်းမျှအားဖြင့် ကျပ်နှစ်သောင်းဝန်းကျင် ဈေးတက်လာကြောင်း မြို့ခံအချို့ထံမှ သိရသည်။

မြိတ်-ပုလောလမ်းပိုင်းကို ပိတ်ထားသည့်အတွက် ရေကြောင်းမှ လှေများဖြင့် ကုန်စည်သယ်ဆောင်နေရသည့်အတွက် ဈေးတက်ရခြင်းဖြစ်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်အချို့က ပြောသည်။

“လမ်းမှာပိတ်မိနေတဲ့ ကုန်စိမ်းတွေဆို ပုပ်ကုန်တယ်။ဘယ်လိုမှ ပြန်ရောင်းလို့မရဘူး။ ကုန်ခြောက်တွေက သိုလှောင်ထားတာတွေ ရှိနေသေးတယ်။ကုန်စိမ်းတွေက သိုလှောင်ထားတာတွေမရှိဘူး လမ်းပိတ်ရင်တော့ ကုန်စိမ်းဈေးက တက်လာမှာပဲ”ဟု မြိတ်မြို့‌တွင် ကုန်စိမ်းနှင့် ကုန်ခြောက်ရောင်းဝယ်ရေး လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထိုသို့ ဈေးတက်နေသည့်အတွက် မီးဖိုချောင်ကုန်ကျစရိတ်ပိုများလာပြီး အခက်အခဲတွေ့ရကြောင်း မြိတ်မြို့နေ အိမ်ရှင်မတစ်ဦးက ပြောသည်။

“ငရုတ်သီးစိမ်းဆို တစ်ထောင်ဖိုး ၁၅ တောင့်လောက်ပဲရတယ်။(ကျပ်) နှစ်ရာလောက်တန်တဲ့ဟာကို တစ်ထောင်နဲ့ ပေးဝယ်စားနေရတယ်။ အဓိက က ကုန်စိမ်းတွေ ဈေးအရမ်းတက်တယ်။ ဘိတ်(မြိတ်) မှာဈေးတက်ရင်တော့ ဘိတ်အောက်ဘက်ရွာတွေက ပိုဆိုးမယ်”ဟု ၎င်းက ဆိုသည်။

မြိတ်မြို့တွင်ရောင်းချနေသည့် ကုန်စိမ်းအများစုကို ရန်ကုန်မြို့ကဲ့သို့ တိုင်းပြင်ပမှ ကားဖြင့်တင်သွင်းပြီး ယင်းမှတစ်ဆင့် ဘုတ်ပြင်းမြို့နယ်ဘက် ထပ်မံဖြန့်ဖြူးရောင်းချကြခြင်းဖြစ်သည်။

“ရွာဘက်မှာတော့ ဘိတ်(မြိတ်) ဘက်က တင်သွင်းရတဲ့ ကုန်စိမ်းတွေကတော့ လုံးဝပြတ်လပ်နေပြီ။ ရွာဘက်မှာစိုက်ပျိုးတဲ့ တချို့ဟင်းရွက်တွေတော့ ရှိတယ်။ကျွန်မတို့ဘက်မှာက လမ်းပိတ်ရင်ကုန်ခြောက်တွေက အဓိကဈေးတက်တယ်”ဟု ဘုတ်ပြင်းမြို့နယ်နေ ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ကားလမ်းပိတ်နေသဖြင့် ပုလောဘက်မှတစ်ဆင့် မြိတ်မြို့သို့ လှေကြီးများဖြင့် ကုန်စည်များသယ်ယူနေရပြီး လမ်းခရီးတွင် ရက်ကြာသဖြင့်ကုန်စိမ်းများပျက်စီးဆုံးရှုံး‌နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။