BREAKING
October 20, 2025

ဘက်ပြောင်းခိုလှုံရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည့် စစ်ကောင်စီတပ်သား သုံးကြိမ်မြောက်တွင် လွတ်မြောက်လာ

July 31, 2025

ပုံစာ-ခမရ ၄၃၁ အခြေစိုက်ထားသည့် ခမောက်ကြီးမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဉ်(ပုံဟောင်း)

စစ်ကောင်စီတပ်ထံမှ သုံးကြိမ်တိတိထွက်ပြေးခဲ့ရသည့် တပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ကော့သောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၄၃၁ ခြေမြန်တပ်ရင်းတွင် တာဝန်ကျနေသည့် တပ်သားအေးမင်းထွန်းသည် အကြိမ်ကြိမ်ထွက်ပြေးခဲ့သော်လည်း သုံးကြိမ်မြောက်မှသာ လွတ်မြောက်လာကြောင်း ကော့သောင်းပကဖ၏ ထုတ်ပြန်ချက်အရသိရသည်။

၄၃၁ ခြေမြန်တပ်ရင်းသည် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၀)လက်အောက်ခံတပ်ရင်းဖြစ်ပြီး ကော့သောင်းမြို့နယ် ခမောက်ကြီးရွာတွင် အခြေစိုက်သည်။

အဆိုပါတပ်သားသည် ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထွက်ပြေးချိန်က စစ်ကောင်စီတပ်ကပြန်လည်ဖမ်းမိခဲ့ပြီးနောက် တတိယအကြိမ်ထပ်မံထွက်ပြေးရာက လွတ်မြောက်လာပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် ကော့သောင်းပကဖထံ ရောက်ရှိလာကြောင်း ကော့သောင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အသက် ၂၆နှစ်အရွယ် ကိုအေးမင်းထွန်းသည် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ဇာတိဖြစ်ပြီး အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ မဟုတ်ဘဲ ၎င်း၏ ဆန္ဒအလျောက် စစ်မှုထမ်းခဲ့သူဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ပြည်သူ့စစ်ဥပဒေနဲ့ ဖမ်းဆီးပြီး လုပ်ခိုင်းခံရတာမျိုးတော့မဟုတ်ဘူး ။သူ့ဘာသာ စစ်မှုထမ်းခဲ့တာပါ”ဟု အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်၏ လုပ်ရပ်များကို မကြိုက်သလို ပြည်သူအများစုက ‘ခွေး’ ဟု ခေါ်ဆိုကြသည်ကို ရှက်သဖြင့် လက်နက်မပါဘဲ ဘက်ပြောင်းလာသည်ဟုပြောကြောင်း ၎င်းက ဆိုသည်။

အဆိုပါဘက်ပြောင်းလာသူသည် ယမန်နှစ်က ရွှေဘိုမြို့ ရှိ အမှတ် ၈ လေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး ကော့သောင်းမြို့နယ်အခြေစိုက် အမှတ်၄၃၁ ခြေမြန်တပ်ရင်းတွင် တစ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း ကော့သောင်းမြို့နယ်(ပကဖ)ထံသို့ အလင်းဝင်ခိုလှုံလာသူ (၅)ဦးအထိရှိကြောင်း အဆိုပါပကဖထံမှ သိရသည်။