BREAKING
June 15, 2025

ငရုတ်သီးခြောက်ဈေး တစ်လအတွင်း နှစ်ဆကျော်ခုန်တက်

July 31, 2022

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် ငရုတ်သီးခြောက်ဈေးနှုန်းမှာ ဇူလိုင်လအတွင်း နှစ်ဆကျော် မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ငရုတ်သီးခြောက် (ငရုပ်ပု) တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားပြီး ငရုတ်သီးခြောက် (ရွှေအပ်) တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ကျော်မှ ၁၃၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“နှစ်ရက်ခြားတစ်ခါ ထောင်ဂဏန်းနဲ့ ဈေးတက်တက်သွားတာ” ဟု မြို့သစ်ရပ်ရှိ ကုန်စုံအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ဇူလိုင်လ ပထမအပတ်မှစပြီး ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၅၀၀၀၊ ၆၀၀၀ ကျပ်မှ ၆၅၀၀၊ ၉၀၀၀၊ ၁၁၀၀၀၊ ၃၀၀၀၀၊ ၁၅၀၀၀ ကျပ်အထိ တဖြေးဖြေးမြင့်တက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“ငရုတ်သီးပုက အရင်ကဆို (တစ်ထုပ်) သုံးရာတန် ရသေးတယ်။ အခုဈေးတက်လို့ ငါးရာဖြစ်သွားပြီ။ တစ်ထုတ်မှာ ဆယ်တောင့်ပဲပါတယ်။ ဈေးတက်လည်း စားချင်ရင် ဝယ်ရတာပါပဲ” ဟု ရာပြည့်ရပ်နေ အသက် ၅၀ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်က ငရုတ်သီး‌ခြောက်ထွက်ရာဒေသတို့တွင် တိုက်ပွဲများကြောင့် စိုက်ပျိုးမှု နည်းသည့်အတွက် ယခုနှစ်တွင် ရန်ကုန်ပွဲရုံတို့၌ သိုလှောင်ထားသည့် ငရုတ်သီးတို့အား ရောင်းချနေခြင်းကြသဖြင့် ဈေးနှုန်းတက်လာရခြင်းဖြစ်ကြောင်း မြိတ်မြို့ရှိ ငရုတ်သီးခြောက် ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပြသည်။

“(ရန်ကုန်ကနေ) မှာတာတောင် လိုသလောက်မရဘူး။ မှာနေကျသူပဲ အကန့်အသတ်နဲ့ရောင်းပေးတာ။ အခုမှ မှာတဲ့သူ‌ဆို ရောင်းကို မရောင်းပေးတာ” ဟု ၎င်းက ပြောသည်။

အလားတူ အခြေခံစားသောက်အချို့ဖြစ်ကြသည့် ဆန်ကြမ်း၊ နို့စည်ဗူး စသည်တို့လည်း ဈေးနှုန်း အနည်းငယ် မြင့်တက်နေကြောင်း မြိတ်ကုန်စုံဆိုင် အသိုင်းအဝိုင်းမှ သိရသည်။