မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
မေ ၂၅ ရက်မှ ၃၁ ရက်အထိ
မြန်မာနိုင်ငံဆိုင်ရာ သံအမတ်နဲ့ စစ်သံမှူးကို ဘင်္ဂလားဒေ့ရှ်ပြန်ခေါ်

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် မိုနိုဝါ ဟူစိန်နဲ့ စစ်သံမှူးတို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဒါကာမြို့ကို အခုလအတွင်း ပြန်လည်ခေါ်ယူလိုက်ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အပါအဝင် ရခိုင်မှာ နေရာအများစုကို သိမ်းယူထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ထိတွေ့ ဆက်ဆံတယ်ဆိုပြီး မြန်မာစစ်ကောင်စီက ကန့်ကွက်ပြီးနောက်မှာ အခုလို ခေါ်ယူလိုက်တာလို့ ဘင်္ဂလားဒေ့ရှ် သတင်း တစ်ရပ်မှာ ဖော်ပြပါတယ်။ မြန်မာရေပိုက်နက်ကို ဝင်ရောက်ငါးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် ငါဖမ်းသမားတွေကို AA က ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဆီကို ပြန်လွှဲပေးတာမျိုးတွေ ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ရခိုင်ကို ကုလသမဂ္ဂဦးဆောင်မှုနဲ့ လူသားချင်းစာနာမှု စင်္ကြတည်ဆောက်ရေး ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ကြားကာလအစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ မိုဟာမက် ယူနွတ်ကတော့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကို မြန်မာ စစ်ကောင်စီက နှင်ထုတ်တာမဟုတ်ဘဲ ပြန်ခေါ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။ ဘာကြောင့် ပြန်ခေါ်ထားတယ်ဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုထားတာ မရှိသေးပါဘူး။ ဒါပေမဲ့ အခုလို သံအမတ်ကို ပြန်ခေါ်မှုဟာ နှစ်နိုင်ငံကြား သံတမန်ရေးရာ တင်းမာမှုတွေ ရှိနေတာကို ပြသနေတယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။
……………………………………..
မင်္ဂလာဆောင်ကို လေယာဉ်နဲ့ဗုံးကြဲလို့ သတို့သမီးအပါ လူ၁၀ကျော်သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးရွာက မင်္ဂလာဆောင်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ိခုက်တာကြောင့် သတို့သမီးအပါအဝင် လူ ၁၀ ကျော် သေဆုံးပြီး ၄၀နီးပါး ဒဏ်ရာရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
မေလ ၂၅ရက်က မင်္ဂလာပွဲကျင်းပနေချိန် ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးနှစ်ဦးနဲ့ သတို့သမီးအပါအဝင် ၁၂ ဦးသေဆုံးသလို ကလေး ၁၃ဦးအပါအဝင် ၃၇ဦး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိ၊ လက်နက်ကိုင်တွေလည်း မရှိတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ KNU က ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေပါ တယ်။ အခုမေလအတွင်းမှာပဲ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာစာသင်ကျောင်းတိုက်ခိုက်ခံရမှုမှာ ကျောင်း သားကျောင်းသူနဲ့ ဆရာမ စုစုပေါင်း ၂၄ဦးသေဆုံးခဲ့ရသလို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်း ကျေး ရွာ တိုက်ခိုက်ခံရမှုမှာလည်း အရပ်သားပြည်သူ ၁၂ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလမှာလည်း မကွေးတိုင်း၊ မြိုင် မြို့နယ်၊ ဆုံကုန်းရွာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးရဲ့ မင်္ဂလာဆောင် ဗုံးကြဲခံရလို့ လူ ၁၀ ကျော် သေဆုံးခဲ့ပါတယ်။
……………………………………..
လေကြောင်းရန်ကြောင့် ကြားကာလပညာသင်ကျောင်းတွေ ယာယီရပ်နား

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ကြားကာလပညာရေးကျောင်းအားလုံးကို ခေတ္တယာယီ ရပ်နားလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၂၅ရက်မှာ ကြေညာပါတယ်။
စစ်ကောင်စီဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ စတဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို လေကြောင်းက နည်းမျိုးစုံနဲ့ ဗုံးကြဲတာ၊ စက်သေနတ်နဲ့ ပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။ ဒါ့ကြောင့် ကလေးသူငယ်တွေ၊ ဆရာ၊ ဆရာမတွေ၊ အရပ်သားပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုတွေ မရှိစေဖို့ မြေပြင်မှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ လုပ်နေချိန်ကာလအတွင်း ယာယီ ရပ်နားရတာလို့ ဆိုပါတယ်။
NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတော့ ဗုံးခိုကျင်းတူးတာ၊ လေကြောင်းရန်ကြိုတင် အသိပေးစနစ်ထား တာမျိုး လုပ်သွားမယ်လို့ ဘီဘီစီမြန်မာပိုင်းသတင်းတစ်ရပ်မှာ ပြောဆိုထားပါတယ်။
စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ သေဆုံးတဲ့ ဖြစ်စဉ်တွေ မကြာခဏရှိနေပြီး အခုမေလအတွင်းမှာပဲ ဒီပဲယင်းမြို့နယ်က အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ဖြစ်စဉ်မှာ ကျောင်းသားကျောင်းသူ အများစု အပါအဝင် ၂၄ ဦးသေဆုံးခဲ့သလို့ မေလ ၂၉ရက်မှာလည်း ကော့ကရိတ်မြို့နယ်မှာ KNU စာသင်ကျောင်း ဗုံးကြဲ တိုက်ခိုက်ခံရလို့ ကျောင်းသား လေးဦး ဒဏ်ရာရခဲ့ပါသေးတယ်။
……………………………………..
ထိုင်း-မြန်မာနယ်စပ်က စခန်းငါးခုကို KNU သိမ်းယူ

မြဝတီမြို့တောင်ဘက်က ထိုင်း-မြန်မာနယ်စပ်စခန်း ငါးခုကို ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မေလ နှောင်းပိုင်းမှာ သိမ်းယူလိုက်ပါတယ်။
မေလ ၂၃ ရက်ကနေ ၃၀ ရက်အတွင်း ထိုင်း-မြန်မာနယ်စပ်စခန်းတွေဖြစ်တဲ့ ဘလယ်ဒို၊ ကနဲ့လေး၊ ရွှေအေးမြိုင်၊ မော်ခီး၊ ဘုရင့်နောင်တပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကနဲ့လေ စခန်းဟာ လက်နက်ကြီး အထိုင်ချထားတဲ့ နေရာဖြစ်ပြီး စခန်းသိမ်းတဲ့အချိန် အမြောက်နှစ်လက်အပါအဝင် လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ KNU ဆီကနေ သိရပါတယ်။ စခန်းသိမ်းယူရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်တာတွေ ရှိခဲ့ပါတယ်။
မြဝတီခရိုင်ထဲက အဓိက စခန်းတွေဖြစ်တဲ့ ဝေါလေဗျူဟာ၊ သေဘော့ဘိုးစခန်းနဲ့ ဥကရစ်ထစခန်း တွေက သိမ်းယူဖို့ ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။ ဝေါလေဗျူဟာကနေ သေဘော့ဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၂၀ လောက် ဖမ်းဆီးခံခဲ့ရပါတယ်။
KNU ဟာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က စစ်ကောင်စီတပ်စခန်းကို ဆက်တိုက် တိုက်ခိုက်သိမ်းယူနေတာ တွေ့ရပါတယ်။
……………………………………..
ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးယန္တရား အာဆီယံဦးဆောင်လုပ်ဖို့ NUG ပြော

မြန်မာပြည်သူတွေ ဘေးကင်းလုံခြုံရေးကို တိကျသေချာအောင် အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ အာဆီယံဦးဆောင်ပြီး နိုင်ငံတကာပါဝင်တဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေးယန္တရား ရှိသင့်တယ်လို့ NUG က ပြောပါတယ်။
မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအပြီး မြန်မာအရေးနဲ့ပတ်သက်လို့ အာဆီယံ ခေါင်းဆောင် တွေရဲ့ သဘောထားထုတ်ပြန်ချက်အပေါ် NUG က မေလ ၂၈ မှာ ထုတ်ပြန်ရာမှာ အခုလိုဖော်ပြတာပါ။ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေးယန္တရား မရှိရင် အရပ်သားပြည်သူကို ထိရောက်စွာ ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ငလျင်ဘေးဒဏ်ကြောင့် အပစ်ရပ်ကြေညာထားတဲ့ ကာလမှာ အရပ်သား ပြည်သူတွေမှာ တိုက်ခိုက်တာတွေ နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေတယ်လို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဆီယံခေါင်းဆောင်တွေကတော့ မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုဆိုးဝါးလာပြီး အကြမ်းဖက်မှုတွေလည်း မြင့်တက်လာတဲ့အပေါ် စိုးရိမ်တယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲပြီး အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးရက်ကို အာဆီယံက ဆက်လက်ဆုပ်ကိုင်ထားသလို မြန်မာအရေးအထူးကိုယ်စားလှယ်သစ် ထပ်ခန့်ဖို့လည်း စီစဉ်နေပါတယ်။
အခြားတစ်ဖက်မှာတော မြန်မာ့အရေး အာဆီယံကိုင်တွယ်မှုဟာ လေးနှစ်ကြာလာတဲ့အထိ ထိရောက်မှု မရှိတဲ့အတွက် ဖြေရှင်းနည်းအသစ်တွေရှာဖွေ ချဉ်းကပ်သင့်ပြီလို့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
……………………………………..