ရေဖြူမြို့နယ်၊ ကံပေါက်ရွာ လှည်းကုန်း အမှတ် ၁ ရပ်ကွက်နှင့် အမှတ်၂ ရပ်ကွက်တို့တွင် မေလ ၃၀ ရက် ညက ကျန်းမာရေးဝန်ထမ်းဟောင်းနှစ်ဦး အပါအဝင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း လေးဦးကို မောရဝတီရေတပ်က လာဖမ်းသွားကြောင်း ဒေသခံများထံမှသိရသည်။
လှည်းကုန်း အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သည့် ဆရာမ ဒေါ်သန်းသန်းမော်၊ ၎င်း၏ သမီးအငယ်နှင့် သားဖြစ်သူ တို့ကို မောရဝတီရေတပ်က ဖမ်းဆီခဲ့ခြင်းဖြစ်သည်။
ဆရာမဒေါ်သန်းသန်းမော်သည် ကံပေါက်ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အာဏာမသိမ်းမီကတည်းက သက်ပြည့်ပင်စင်ဖြင့် အနားယူပြီး နေအိမ်တွင် ဆေးဆိုင်ဖွင့်ထားသည်ဟု ရပ်ကွက်နေသူများထံမှသိရသည်။
လှည်းကုန်း အမှတ် ၂ ရပ်ကွက် တွင် ဆေးခန်းဖွင့်ထားသည့် ဆရာ ဦးကျော်စိုးဝင်း ကိုလည်း မေလ ၃၀ ရင်ညတွင်ပင် မောရဝတီရေတပ်က ဖမ်းဆီးသွားကြောင်း ယင်းရပ်ကွက်နေသူများကပြောသည်။
ဆရာ ဦးကျော်စိုးဝင်း သည် ယခင်က တိုက်နယ်ကျန်းမာရေးဌာန၏ ဝန်ထမ်းတစ်ဦးဖြစ်ကာ အာဏာသိမ်းပြီးနောက်တွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သဖြင့် ကျန်းမာရေးဌာနမှ အနားပေးခံခဲ့ရသူဖြစ်သည်ဟု ဒေသခံ ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

” ဆရာမဒေါ်သန်းသန်းမော် အိမ်မှာက သားအမိသုံးယောက် ခေါ်သွားတယ်။ သမီးအကြီးနဲ့ အဖွားတစ်ယောက်ပဲကျန်ခဲ့တယ်။ ဆရာ့အိမ်မှာတော့ ဆရာတစ်ယောက်ပဲ ခေါ်သွားတယ်။ မောရဝတီကပဲ လာခေါ်တာ။ ညက မီး(လျှပ်စစ်)ကလည်း ပြတ်နေသေးတယ် ” ဟု ကံပေါက်ရွာ၊ လှည်းကုန်း ရပ်ကွက်နေသူတစ်ဦးကပြောသည်။
ဆရာ ဒေါ်သန်းသန်းမော်တို့ သားအမိနှင့် ဆရာ ဦးကျော်စိုးဝင်း တို့ကို မောရဝတီရေတပ်က မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရသေးသလို ယနေ့ မေလ ၃၁ နေ့လယ်ပိုင်း အထိ ပြန်လည်လွတ်မြောက်လာကြခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီ ၏ မောရဝတီရေတပ် သည် ၂၀၂၄ ခုနှစ် သြဂုတ်လခန့်ကစပြီး ကံပေါက်ရွာအဝင် ဂိတ်တွင် ဆေးဝါးတင်သွင်းခြင်းကို တင်းတင်းကျပ်ကျပ်စစ်ဆေးမှု ပြုလုပ်ပြီး တင်သွင်းလိုပါ ၎င်းတို့ထံ စာရင်းအရင်ပေးပြီးမှ သယ်ယူခွင့်ပြုထားကြောင်းနှင့် စာရင်းမပေးဘဲ သယ်ယူပါကဆေးဝါးများ သိမ်းဆည်းခံရခြင်း ကြုံတွေ့ရကြောင်း ဒေသခံကျန်းမာရေး အသိုင်းဝိုင်းထံမှသိရသည်။