မြိတ်မြို့နယ်အတွင်းရှိ ကြေးနန်းတိုင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဓာတ်ဆီတင်လာသည့်ကား ဖမ်းဆီးခံရပြီးနောက် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဓာတ်ဆီဈေးတက်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
မေလ ၁၄ရက်နေ့က ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် ဓာတ်ဆီပီပါများ တင်ဆောင်လာသည့်ကုန်ကားကို ဖမ်းဆည်းသိမ်းဆည်းလိုက်သဖြင့် တစ်ပတ်အတွင်း ဓာတ်ဆီစျေးတက်လာကြောင်း အသက်၂၆နှစ်အရွယ် ပဝရွာခံ အမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါကုန်ကားပေါ်တွင် ဓာတ်ဆီပီပါများအပြင် အိမ်သုံးဆေးဝါးများတင်ဆောင်လာသဖြင့် ကားသမားအပါအဝင် မြိတ်မြို့နေသူ ၅ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။
ယခုနှစ် မတ်လ ၂၇ရက်နေ့ကစပြီး ကြေးနန်းတိုင်တံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဆေးဝါးသယ်ဆောင်ခွင့် ပိတ်ပင်ထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးနေသည်။
ထိုသို့ မသိမ်းဆည်းမီက ဓာတ်ဆီတစ်ဘူး(ရေသန့်တစ်လီတာဘူး) ၃၇၀၀ ကျပ်ဖြင့်ရောင်းချနေရာက လက်ရှိတွင် ၄၅၀၀ကျပ်အထိ ဈေးတက်သွားကြောင်း ၎င်းက ပြောသည်။
“ဖမ်းဆီးခံရသူတွေက ဘိတ်(မြိတ်)ကပဲ၊ သူတို့လေးယောက်ကို ဖမ်းပြီးနေလှန်းထားတယ်။ သူတို့က တနင်္သာရီဘက်ကို ဓာတ်ဆီလာပို့နေကြ။အခုမှ ဖမ်းလိုက်တယ်”ဟု အထက်ပါဒေသခံက ပြောသည်။
ဓာတ်ဆီကား ဖမ်းမိပြီးနောက် တနင်္သာရီမြို့နယ်ရှိ ပဝ၊သရဖုံရွာနှင့် အနီးအနားရှိ ကျေးရွာများတွင် ၂ ရက်ခန့် ဓာတ်ဆီပြတ်လပ်သွားကြောင်း ဒေသခံအချို့က ဆိုသည်။
မော်တုန်းရွာတွင် ကုန်စုံဆိုင်ရောင်းနေသည့် အသက် ၄၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးကလည်း အနီးအနားရွာများရှိ ဈေးဆိုင်အချို့တွင် တစ်ပတ်ခန့်အထိ ဓာတ်ဆီပြတ်သွားသည်ဟု ဆိုသည်။
“ဓာတ်ဆီက အခုရက်ပိုင်း စျေးအတက်အကျတော့ မငြိမ်သေးဘူး။ တက်သွားတာပဲရှိတယ်။ စျေးပြန်ကျတာ မရှိသေးဘူး။ သယ်ယူဖို့လည်း အတော်ခက်ခဲနေတယ်”ဟု ၎င်းက ပြောသည်။
မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့တင်ပို့မည့် ကုန်စည်များအတွက် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ကုန်စည်သယ်ယူခွင့် လက်မှတ်လုပ်ဆောင်ပြီးမှသာ တင်ပို့ခွင့်ရှိကြောင်း ကုန်စည်ပို့ဆောင်နေသူများထံမှ သိရသည်။