မုတ်သုန်ရာသီရောက်တိုင်း မိုးရောလေပါ ပြင်းထန်လေ့ရှိသည့်အတွက် တနင်္သာရီတိုင်းသားများမှာ မိုးရာသီအတွက် စားနပ်ရိက္ခာနှင့် ငွေကြေးကို ကြိုတင်စုဆောင်းလေ့ရှိကြသည်။
အီကွေတာနှင့်ပိုနီးသည့် တနင်္သာရီတိုင်းတွင် တစ်နှစ်မိုးရေချိန်လက်မ ၂၀၀ ဝန်းကျင်ရွာသွန်းလေ့ရှိသည့်အတွက် မြန်မာနိုင်ငံရှိ အခြားဒေသများထက် မိုးများသည်ဟု ဆိုနိုင်သည်။
အခြေခံလူတန်းစားများ၏ အလုပ်အကိုင်အများစုကလည်း မိုးရာသီတွင် လုပ်ငန်းရပ်နားရလေ့ရှိသည့်အတွက် ဝင်ငွေမဲ့သွားကြပြီး စားဝတ်နေရေး အခက်ကြုံရလေ့သည်။
ငါးဖမ်းလုပ်ငန်း၊ ငါးပိငါးခြောက်လုပ်ငန်း၊ ပန်းရံလုပ်ငန်း စသည့်အလုပ်အကိုင်များမှာ မိုးရာသီရောက်တိုင်း အလုပ်ရပ်နားရလေ့ရှိသလို အခြားအလုပ်အကိုင်များလည်း ဝင်ငွေလျော့နည်းသွားကြသည်။
တစ်ဖက်တွင်လည်း အာဏာသိမ်းဂယက်ကြောင့် အထွေထွေကုန်ဈေးနှုန်းမြင့်တက်နေသဖြင့် အခြေခံလူထုလူတန်းစားများမှာ ခက်ခဲကျပ်တည်းမှု အသီးသီးဖြင့်ရင်ဆိုင်နေကြရသည်။
အမိုးမလုံသည့် အိမ်များဆိုလျှင်လည်း ဓနိဖက်စျေးမတတ်နိုင်သဖြင့် မိုးရေယိုယိုဖြင့်သာ နေထိုင်ကြရမည့် အခြေအနေရှိသည်။
ခေတ်ကာလကောင်းချိန်ကတည်းက မိုးရာသီရောက်တိုင်း စားဝတ်နေရေးကျပ်တည်းလေ့ရှိသည့် ပြည်သူလူထုမှာ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်လာပြီး စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးဒဏ်ကိုပါ ခံစားလာရသည်။
ယင်းကြောင့် သည်းထန်လှသည့် ဝဿန်ရာသီကို ကျပ်တည်းမှုမျိုးစုံဖြင့် ဖြတ်သန်းကြရမည့် တိုင်းသားများ၏ သောကများကို ယခုအပတ်တနင်္သာရီပုံရိပ်တွင် မေးမြန်းတင်ဆက်လိုက်ပါသည်။
“မိုးရာသီက အပြင်ကအပူတွေပဲ အေးချမ်းစေတာ …ဆင်းရဲသားတွေ…… ရင်ပိုပူရတဲ့အချိန်ကာလတွေပေါ့”
အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး၊ အင်းလေးမြိုင်ရပ်ကွက်၊ မြိတ်မြို့
DW ။ အခုလက်ရှိ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီး ဘာအလုပ်လုပ်နေလဲ။ မိသားစုဝင်ဘယ်နှစ်ယောက်ရှိလဲ။
ဖြေ ။ အခုလက်ရှိအလုပ်ကတော့ ငါးခြောက်လုပ်ဖို့ငါးတွေကို ခွဲတဲ့အလုပ်လုပ်နေတယ်။ ငါးခွဲတဲ့အလုပ်ပေါ့။ မိသားစုကတော့ အိမ်ထောင်ထွက်(အိမ်ထောင်ကျပြီးသူ)တွေရော တူတူနေတယ်ဆိုဝောာ့ ၇ ယောက်ရှိတယ်။
DW ။ မိုးဦးစနေပြီဆိုတော့လေ အဲဒီငါးခွဲတဲ့အလုပ်က အခြေအနေဘယ်လိုရှိလာနိုင်လဲရှင်။ အခက်အခဲတွေကရော ဘယ်လိုရှိလဲ။
ဖြေ ။ မိုးရွာရင် ငါးခွဲတဲ့အလုပ်က မလုပ်ရဘူး။နေပူမှ ငါးခြောက်လှန်းရတယ်လေ။နေမပူရင် ငါးခွဲတဲ့အလုပ်က အဆင်မပြေဘူး။မိုးရာသီရောက်တိုင်း ကျွန်မတို့ လက်လုပ်လက်စားတွေအတွက် အပူများပြီး ခက်ခဲတဲ့အချိန်တွေပေါ့။ မိုးကျရင် ချွေတာကုပ်ကျစ်ပြီး သားတွေလုပ်စာ ထိုင်စား။အလုပ်ခေါ်တဲ့သူရှိရင် တစ်နေ့ ငါးထောင်ရရ ၊တစ်သောင်းရရပြေးလုပ်ရတယ်။
DW ။ အများအားဖြင့် မိုးရာသီရောက်ရင် အခြေခံလူတန်စားတွေအတွက် စားဝတ်နေရေးအခက်အခဲ ပိုကြုံရလေ့ရှိတယ်ပေါ့နော်။ ဒေါ်ဒေါ်တို့မှာကြုံတွေ့ရတဲ့ အခက်အခဲတွေကို အကျဉ်းချုပ်ပြောပြပါလား။
ဖြေ ။ အခုခေတ်အနေအထားက ဆင်းရဲသားတွေ ပိုဆင်းရဲငတ်ပြတ်။ သူဌေးတွေက ပိုချမ်းသာတဲ့ခေတ်လေ။ ကုန်ဈေးနှုန်းနဲ့ လုပ်ခလစာနဲ့မကာဘူး။ ဘယ်လောက်ချွေတာချွေတာ မိုးရောက်ရင် ငတ်ကြတာပဲ။ ကျောင်းကလည်းဖွင့်တော့မယ်။ကျောင်းသားတွေလည်းရှိတော့လေ ကုန်ကျစရိတ်များတယ်။စားဖို့သောက်ဖို့ တောင်အနိုင်နိုင်ပဲ။ဒီကြားထဲအကောက်အစား(စစ်မှုထမ်းကြေး၊ရပ်ကွက်နာရေးကြေး၊မီးသတ်ကြေး၊အမှိုက်ကားကြေး စသဖြင့်…)ကလည်းများတယ်။နွေရာသီကလုပ်ထားတဲ့ဟာတွေလည်း မစုမိဘူး။မိုးကျရင် သားသမီးတွေ အလုပ်ရရင်စားဖို့သောက်ဖို့ရတယ်။ တအားချွေတာနိုင်မှမငတ်မှာ။ အရင်ကဆို မိုးကျတော့မယ်ဆို ဆန်၊ငါးပိ၊ငရုတ်၊ကြက်သွန်တွေ အခြေခံမီးဖိုချောင်သုံးကုန်တွေ ဝယ်စုနိုင်သေးတယ်။အခုတော့ ဒီကရ ဒီမှာကုန်ပဲ။နောင်ရေးတွေ ဘာတွေအတွက် မစုမိတော့ဘူး။ဒီနေ့အသက်ရှင်ဖို့အတွက်ပဲ စဉ်းစားဖြစ်တယ်။ မနက်ဖြန် အတွက်သိပ်မတွေးဖြစ်တာကြာပြီ။
DW ။ လာမယ့်မိုးရာသီအတွက်ရော ဘယ်လိုစိုးရိမ်ချက်တွေရှိလဲ။ဘယ်ကြောင့်လဲဆိုတာ ပြောပြပါလားရှင်။
ဖြေ ။ ငတ်မှာပဲစိုးရိမ်တယ်။ နောက်တစ်ခုက ဆက်ကြေးကောက်တွေမပေးနိုင်မှာ စိတ်ပူတယ်။မိုးရာသီက အပြင်ကအပူတွေပဲ အေးချမ်းစေတာ။ဒေါ်ဒေါ်တို့လို့ ဆင်းရဲသားတွေရင်ထဲက အပူတွေမအေးစေဘူး။ရင်ပိုပူ ရတဲ့အချိန်ကာလတွေပေါ့။အလုပ်ရှိနေရင် ငတ်ဖို့မပူရဘူးလေ။မိုးကျတော့ အလုပ်ကပါး(နည်း)တယ်လေ။ ဘယ်လောက်အထိငတ်မလဲ။ ဘယ်အတိုင်းအတာအထိ ဒုက္ခရောက်မလဲပဲ တွေးပူနေရတယ်။ ရင်ဆိုင်ဖို့ ခွန်အားတွေ မွေးထားတယ်။
DW ။ အခုစစ်ရေးအခြေအနေတွေပိုဆိုးလာတော့လေ လမ်းပိတ်တာတွေ ကုန်ဈေးနှုန်းတက်တာတွေကြောင့်ရော ပိုကျပ်တည်းလာကြတယ်ပေါ့နော်။ အရင်နှစ်ကထက်ပို ကျပ်တည်းလား။ ဘာကြောင့်လဲပြောပြပါလား။
ဖြေ ။ လမ်းပိတ်ရင် မြိတ်မြို့မှာက ကုန်ဈေးနူန်းထတက်ပြီ။စစ်ရေးထက် မြို့ထဲက ဈေးတက်တဲ့သူတွေကို ပိုကြောက်နေရတယ်။ အရင်ကထက် ပိုကျပ်တည်းလာမှာတော့ အသေအချာပေါ့။အခြေအနေတွေက အနာဂတ်ကိုကြိုကြည့်စရာမလိုဘူး။ အခုအခြေအနေ အနေအထားက ပိုကျပ်တည်းမယ်။ ပိုခက်ခဲမယ်။ ပိုငတ်ကြမယ်။ခံနိုင်ရည်ရှိဖို့ပဲလိုမယ်။
DW ။ ဒီနှစ် မိုးရာသီမှာ အခက်အခဲကျပ်တည်းမှုတွေကို ဘယ်လိုဖြတ်ကျော်ကြမလဲ။
ဖြေ ။ အဒေါ်တို့မှာက ကံကောင်းတာတစ်ခု အိမ်မှာအလုပ်လုပ်တဲ့သူများတယ်။ အဒေါ်တစ်ယောက်တည်း မရုန်းကန်ရဘူး။သားကြီးသမီးကြီးတွေလည်း သူတို့နိုင်တဲ့တာဝန်ယူကြတယ်။ဒီလိုပဲ ပြိုင်တူတွန်းရမှာပေါ့။ သူများတွေပြောနေသလို “ဖိုက်တင်း” ။ကိုယ့်မိသားစုတစ်ခုတည်းမှမဟုတ်တာ။ စစ်ရှောင်တွေဘဝက ဒေါ်ဒေါ်တို့ထက် ပိုမဆိုးဘူးလား။ဒီလိုပဲ ဘဝကမြေကြီးဖြစ်နေရင်တောင်မှ မြေအောက်ကို ငုံကြည့်ရမှာ ငါ့ထက်ခက်ခဲတဲ့သူတွေ အများကြီး ရှိသေးတယ်(ဆိုတဲ့) စိတ်နဲ့ရှင်သန်ကြရမှာ။
DW ။ ကျေးဇူးတင်ပါတယ်။
“လက်လုပ်လက်စားတွေပဲ ငတ်သေမှာ ပူရတယ်….. အရင်ကစုဆောင်း ထားတာတွေလည်း ကုန်ပြီ”
အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦး၊ ကော့ဇယားကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်
DW ။ အခုလက်ရှိ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီး ဘာတွေလုပ်နေလဲရှင်။မိသားစုဝင်တွေကရော ဘယ်နှစ်ဦးလောက်ရှိလဲ။
ဖြေ ။ အသက်မွေးဝမ်းကျောင်းအလုပ်ကတော့ ပင်လယ်သားဆိုတော့ မိရိုးဖလားအရ ဂွေးထိုး(ငါးပိလုပ်ရန်)၊ ကဏန်းမျှားအလုပ်ပေါ့နား(နော်)။မိသားစုဝင်တွေကတော့ ၁၀ယောက်ရှိတယ်။
DW ။ မိုးကျလာပြီဆိုတော့ အခုလုပ်နေတဲ့အလုပ်တွေ ဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ ။ မိုးကျလာပြီဆိုတော့ ဂွေးထိုးပြီး ငါးပိလုပ်တဲ့ အလုပ်က သိပ်အဆင်မပြေဘူး။ငါးပိလုပ်တာက နွေရာသီမှ အဆင်ပြေတာလေ။ စားဖို့ ငါးငယ်၊သားငယ်(ငါးအသေး) ရအောင်ပိုက်ကြမ်းထောင်တယ်။ ကဏန်းမျှားတယ်။ငါးပိ မလုပ်ရတော့ ရှိတဲ့ အလုပ်ရှာလုပ်ရတာပေါ့။ ပင်လယ်သားဆိုတော့ ဝမ်းတစ်ထွာအတွက် မပူရဘူး။
DW ။ အခြေခံလူတန်းစားတွေအတွက် မိုးရာသီကအဆင်မပြေမှုများတဲ့ကာလတွေပေါ့နော်။ ဦးလေးတို့မှာရော အခက်အခဲတွေရှိလား။ရှိရင်ပြောပြပါလားရှင်။
ဖြေ ။ မိုးရာသီအခက်အခဲကတော့ မိသားစုများတဲ့အိမ်တွေဆို ပိုခက်ခဲတယ်။အလုပ်တွေက ရှားလာတော့လေ။ ဦးတို့အိမ်မှာ လူကြီးတွေများတယ်။ အလုပ်လုပ်တဲ့သူတွေများတာပေါ့။ ဒါပေမဲ့ အခုခေတ်ကာလအရ ခက်ခဲကျပ်တည်း တုန်းပဲ။တစ်နေ့လုပ်တာ တစ်နေ့ပဲစားရတယ်။မစုဆောင်းမိဘူး။နေမကောင်းဖျားနာဖြစ်ရင် သူများဆီက ချေးငှားယူရတယ်။ဒီလိုပဲ ဘဝသံသရာက လည်နေတယ်။ဒီထက်ပိုအဆင်ပြေအောင်လုပ်နေလည်း ကုန်ဈေးနူန်းက လိုက်မမီဘူး။မိုးရာသီက နှစ်တိုင်းရင်ဆိုင်နေရပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ပိုခက်ခဲလာတယ်။ညဘက်တွေဆို စစ်သင်္ဘောတွေက သေနတ်ပစ် ခြိမ်းခြောက်ဘာညာနဲ့ လွတ်လွတ်လပ်လပ် မရှာစားရဘူး။
DW ။ စားဝတ်နေရေးအတွက်ရော စိုးရိမ်စိတ်တွေရှိလား။ဘာကြောင့်လဲဆိုတာ ပြောပြပေးပါလားရှင်။
ဖြေ ။ ဦးလေးအထက်မှာပြောသလိုပဲ။ အဲဒီစစ်ကောင်စီကလူတွေကို ကြောက်နေရတယ်။ရှာစားတာက ရှာစားတတ်တယ်။ဟိုလူကိုကြောက်ရ ဒီလူကိုကြောက်ရနဲ့ အဆင်မပြေဘူး။ဒါပဲစိုးရိမ်တယ်။ ကျန်တာက ပြည်သူအားလုံးအဆင်ပြေမယ်ထင်တယ်။
DW ။ စစ်ကောင်စီရဲ့ လမ်းပိတ်ဆို့မှုတွေ၊ ကုန်တင်သွင်းမှု ပိတ်ဆို့တာတွေကြောင့် ပိုကျပ်တည်းကြတယ်ပေါ့နော်။ အခုမိုးက တစ်ခါကျလာပြန်ပြီ။ အရင်နှစ်တွေကထက် ပိုကျပ်တည်းလာနိုင်လား။
ဖြေ ။ ဒီပုံအတိုင်းဆို ပိုကျပ်တည်းကြမှာပေါ့။အလုပ်တွေကရှား ကုန်ဈေးနူန်းကတက် အဘက်ဘက်က ရန်သူတွေချည်းပဲ ။ကျပ်တည်းကြတယ်။ ရွာတွေမှာအလှူတွေတောင် သိပ်မလုပ်ကြဘူး။ မိုးရာသီအတွက် စစ်ဖြစ်လာရင် စစ်ရှောင်ဖို့အတွက် စုဆောင်းနေကြတာ။ ဦးလေးတို့လို လက်လုပ်လက်စားတွေပဲ ငတ်သေမှာ ပူရတယ်။စုဆောင်းထားတဲ့ အထုတ်လည်းမရှိ။မစုမိတာ အရင်ကစုဆောင်းထားတာတွေလည်း ကုန်ပြီ။
DW ။ ဒီနှစ်မိုးရော အခက်အခဲတွေဘယ်လိုကျော်ဖြတ်ကြမလဲ။
ဖြေ ။ ကျန်းမာရေးနဲ့ တိုက်ပွဲတွေဖြစ်မှာပဲစိတ်ပူတာ။ လူကကျန်းမာနေရင် ရွာမှာတိုက်ပွဲမဖြစ်ဘဲ နေထိုင်လို့ ရနေသေးရင် အဆင်ပြေတယ်။ ဦးလေးပြောပြီးသားပဲ ရှာစားတတ်တယ်လေ။နှစ်တိုင်းလည်း ဖြတ်ကျော်နေရတာပဲ နောက်ပိုင်း ပိုခက်ခဲလာတယ်ဆိုပေမယ့် ရင်ဆိုင်ရမှာပဲလေ။
DW ။ ဘာတွေထပ်ပြောချင်သေးလဲ ဦးလေးရှင့်။
ဖြေ ။ ကျွန်တော်တို့လို သာမန်လူတန်းစားတွေ ဒီနှစ်မိုးကို အကောင်းဆုံးကျော်ဖြတ်ကြပါ။ ဘာအခက်အခဲပဲရှိရှိ အကောင်းဆုံးရင်ဆိုင်ကြဖို့ပါပဲ။ကိုယ်တိုင်ကလည်း အဆင်မပြေတဲ့လူတစ်ယောက်ဆိုတော့ တခြားတွေအတွက် ခွန်အားဖြစ်စေတဲ့စကားပဲ ပြောပေးနိုင်တယ်။
DW ။ ကျေးဇူးတင်ပါတယ်။

“မိုးရာသီအတွက် ဆန်တစ်အိတ်တောင်မဝယ်စုထားနိုင်ဘူး”
အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး၊ မနိုးရုံးကျေးရွာအုပ်စု၊ ဘုတ်ပြင်းမြို့နယ်
DW ။ အခုလက်ရှိ ဘာတွေလုပ်ကိုင်အသက်မွေးနေလဲရှင်။ မိသားစုဝင်ကရော ဘယ်နှစ်ဦးရှိလဲ။
ဖြေ ။ အခုလက်ရှိရော အရင်ကတည်းကရော ဥယျာဉ်ခြံအလုပ်ပဲလုပ်တယ်။မိသားစုဝင်က ၄ ဦးရှိပါတယ်။
DW ။ အခုမိုးဦးကျနေပြီပေါ့နော်။ မိုးရာသီရောက်ရင်အခုလုပ်နေတဲ့အလုပ်တွေ ဘယ်လိုဖြစ်လာနိုင်လဲ။ အခက်အခဲတွေရှိရင်ပြောပြပါလားရှင်။
ဖြေ ။ ဥယျာဉ်အလုပ်ကျတော့ မိုးရာသီမှာ ခြံထွက်သီးနှံတွေ ကောက်ရောင်း(ဒူးရင်းသီး၊မင်းကွက်သီး၊တညင်းရွက်၊မျှစ် အစသဖြင့်)တယ်။ ကွမ်းပင်တွေလည်းရှိတော့ အနုဈေးကောင်းရင် ကောက်ရောင်းမယ် စဉ်းစားထားတယ်။ ဒေါ်တို့ဘက်က ဒေသတွင်း သိပ်မအေးချမ်းဘူး။ ဘယ်အချိန်ပြေးရမလဲပဲတွေးပူတယ်။ ဒါတစ်ခုပဲ ခက်ခဲတယ်။
DW ။ မိုးရာသီဆိုရင် သာမန်လူတန်းစား အနည်းအများ အခက်အခဲတွေကြုံကြရတယ်။ ဒေါ်ဒေါ်တို့မှာရော ဘယ်လိုအခက်အခဲတွေ ကြုံကြရလဲ ပြောပြပါလားရှင်။
ဖြေ ။ အခက်အခဲက မနှစ်က တော်တော်ခက်ခဲတယ်။မနှစ်က တိုက်ပွဲတွေဖြစ်တော့ ရွာမှာမနေရဘူးလေ။ ခြံတွေပစ်ထားခဲ့ပြီး တခြားပင်လယ်(မြိတ်ကျွန်းစု)ဘက်မှာသွားနေရတယ်။ စုဆောင်းထားတာတွေ စားသောက်ရင်းကုန်တယ်။အခုနှစ်တော့ ဘဝကိုပြန်စနေရတယ်။စုဆောင်းထားတာတွေလည်းမရှိတော့ အခြေအနေတွေအေးချမ်းပြီး ကွမ်းသီးဈေးကောင်းဖို့ မျှော်လင့်နေရတယ်။ ကျောင်းသားတွေမရှိတော့ တစ်ပူတော့အေးတယ်။ သမီးနှစ်ယောက်စလုံးက တက္ကသိုလ်ဝင်တန်းပြီးကုန်ပြီဆိုတော့ ကျောင်းဖွင့်ချိန် ငွေကုန်သက်သာနေတယ်။
DW ။ လာမယ့်မိုးရာသီမှာရော စားဝတ်နေရေးအတွက် ဘယ်လို စိုးရိမ်ချက်တွေရှိလဲ။
ဖြေ ။ ဒေါ်ဒေါ်တို့လို့ မိသားစုနည်းတဲ့ အိမ်တွေတောင် စိုးရိမ်ချက်တွေတအားပဲ။ နေမကောင်းဖြစ်မှာ အရေးပေါ်ကိစ္စတွေအတွက် လက်ထဲငွေမရှိမှာ။ဒေါ်ဒေါ် အမျိုးသားကတော့ သူများခြံတွေမှာလည်း တောအခ လိုက်ခုတ်တယ်။ဒီက(တောခုတ်ခ)ရတဲ့ငွေကို ခြံထဲပြန်ထည့်။စားဖို့ကျတော့ ချွေတာစားရတာပေါ့။အခုခေတ်ကာလ အနေအထားမှာ သာမန်လူတန်းစားတွေက ဒီလိုပဲ ရှင်သန်နေရတယ်။
DW ။ ဒေါ်ဒေါ်တို့ဘက်မှာက နယ်မြေလည်းမအေးချမ်းဘူး။စားသောက်ကုန်တွေလည်း ခဏခဏပိတ်ဆို့ခံရတယ်လို့ ကြားတယ်။ဒါတွေကြောင့် ဒီနှစ်မိုးရော ပိုကျပ်တည်းလာနိုင်လား။ဘာကြောင့်လဲ ပြောပြပါလား။
ဖြေ ။ အခုထိလည်း စားသောက်ကုန်တင်သွင်းတာ ကန့်သတ်ထားသေးတယ်။စက်သုံးဆီတွေရော လိုသလောက်ဝယ်မရဘူး။ခြံတောခုတ်ရာသီမှာတောင် ငွေကြေးလည်းမတတ်နိုင်တော့ ဓားအသုံးပြုပြီး လက်နဲ့ပဲခုတ်ရတယ်။ အလုပ်သမားခလည်းဈေးကြီးတယ်။ ကုန်ဈေးကြောင့်ပိုကျပ်တည်းမယ်ထင်တယ်။ မိုးရာသီအတွက် ဆန်တစ်အိတ်တောင်မဝယ်စုထားနိုင်ဘူး။ ရတာနဲ့ ကုန်တာက ပိုများနေတယ်။ အကြွေးတွေလည်းရှိသေးတယ်။ ဒီတစ်မိုးတော့ စောင့်ပေးအုန်းဆိုပြီး အကြွေးရှင်တွေကိုတောင်းပန်ထားရတယ်။ အဆင်မှမပြေတာ။ ရိက္ခာတွေလည်း ဒီနေ့တစ်ဈေး နောက်နေ့ နောက်တစ်ဈေး ။ငွေရှိရင် ဝယ်စုထားလို့အဆင်ပြေတယ်။ ငွေပိုငွေလျှံမရှိတော့ အရင်နှစ်ထက်ပိုကျပ်တည်းမှာ အသေအချာဘဲ။
DW ။ ကြုံလာမယ့် အခက်အခဲကြပ်တည်းတွေကို ဘယ်လိုကျော်ဖြတ်ဖို့စဉ်းစားထားလဲ။
ဖြေ ။ စဉ်းစားထားတာမျိုးတော့မရှိပါဘူး။ရင်ဆိုင်ရမှာပဲ တစ်နေ့ပြီးတစ်နေ့ ဒီလိုပဲကုန်ဆုံးသွားမယ်ထင်တယ်။ အရင်ကထက် ဖြတ်ကျော်ဖို့ ပိုခက်ခဲတယ်ဆိုပေမယ့် ဘဝဆိုတာခက်ခဲနေမှ ပျော်ဖို့ကောင်းတယ်လေ။ အရင်ကအဆင်ပြေပြေနေလာပြီးပြီပဲ အခုတစ်လှည့်ပေါ့ကွယ်။
DW ။ကျေးဇူးတင်ပါတယ်။
“ဓနိဖက်တစ်ထောင် (ကျပ်)သုံးသိန်းလောက်တောင် ဖြစ်သွားတယ်”
ရေဖြူဒေသခံ အမျိုးသမီးတစ်ဦး
DW ။ အခုမိုးရာသီရောက်ပြီဆိုတော့ ဘာတွေကြုံနေရလဲ။
ဖြေ ။ ထုံးစံအတိုင်း စားဝတ်နေရေး၊ကျန်းမာရေး အလုပ်အကိုင်၊ပညာရေး၊ နေရေးထိုင်ရေးတွေအကုန် အစစအရာရာ ပေါ့။
DW ။ လက်တွေ့ကြုံနေရတာက ဘာတွေလဲ။
ဖြေ ။ အလုပ်အကိုင်ပေါ့။ပန်းရံဆိုလည်း မိုးတွင်းမို့ နေတိုင်းမလုပ်ရတော့ဘူး။ တောခုတ်မြက်ခုတ်သမားတွေလည်း မိုးတွင်းမှာ မချောင်တော့ဘူး။ဘာလို့ဆို ဒီနှစ်က ဆီဈေးကကြီးတော့ ကိုင်းရှင်တွေက သုံးရက်လုပ်ရမယ့်အရာကို သုံးရက် မငှားကြတော့ဘူး။တစ်ရက် လောက်ပဲလုပ်ခိုင်းတော့တယ်။ တောခုတ်ခ တစ်နေ့ကို အခုက ၆၀၀၀၀(ကျပ်) လောက်ရှိတယ်လေ။အရင်ကဆို တစ်သောင်းခွဲပဲ။ အလုပ်ပုံမှန်မရှိတော့ စုထားဆောင်းထားတဲ့အရာတွေ ထုခွဲ ရောင်းချပြီး စားသောက်ကြရတာပေါ့။
DW ။ ကျန်းမာရေးအပိုင်းက ဘာတွေဖြစ်နေတာတွေ့ရလဲ။
ဖြေ ။ အခုက သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျား ဖြစ်လာကြာတယ်။ ဖျားတာလည်းများလာတယ် လူကြီး လူငယ်။ ဆေးဝါးတွေကတော့ အရင်လို ပြည့်ပြည့်စုံစုံမရှိဘူး။ တောသူတောင်သားတွေဆိုတော့ ကျန်းမာရေးအသိ နည်းကြတယ်။ ဒေသမှာရှိတဲ့ ကျန်းမာရေးဆရာမတွေကပဲ ဆေးဝါးတွေဖြည့် မိုးရာသီအတွက် လိုအပ်တာ ဝယ်စုရတာပေါ့။ အာဏာမသိမ်းခင်ကလို ခြင်ဆေးဖျန်းတာမျိုးတွေလည်း မရှိတော့ဘူးလေ။ အခုဆို ကိုယ်အိမ်နားကတော့ ကိုယ်ခုတ် ချုံတွေရှင်း လုပ်ကြရတယ်။
DW ။ ဒေသထဲမှာရှိတဲ့ သူတွေ ဒီနှစ်အမိုးအကာအတွက် ဘာတွေ ပြောသံကြားလဲ။
ဖြေ ။ ညည်းကြတာပေါ့။ ဒီနှစ်က ဓနိဖက်တစ်ထောင် (ကျပ်)သုံးသိန်းလောက်တောင်ဖြစ်သွားတယ် ပြီးခဲ့တဲ့ လပိုင်းလောက်က။ မနှစ်ကဆို တစ်သိန်း နှစ်သောင်းပဲရှိတာ။ ထက်ဝက်တောင် တက်သွားတယ်။ ရှိတဲ့သူက အကြောင်းမဟုတ်ဘူးလေ။ မရှိတဲ့သူတွေကျတော့ ၂ နှစ်ထားရမယ့် နေရာမှာ သုံးနှစ်လောက်ထား။ ဆိုးဆိုးရွားရွားမပျက်စီးသေးတဲ့အိမ်အမိုးဆိုရင်လည်း ရတာနဲ့ဖာထေးပြီး တစ်မိုး(မိုးရာသီကုန်အထိ) တော့ အောင့်လိုက်ကြတာပေါ့။
DW ။ မိုးရာသီက ကျောင်းဖွင့်ရာသီဆိုတော့ ကျောင်းတွေဖွင့်လား၊ဘယ်လိုတွေ့ရတာရှိလဲ။
ဖြေ ။ မနှစ်ကတည်းကပေါ့ ဖွင့်ထားတာ။ အစိုးရကျောင်းတော့မဟုတ်ဘူး။ကိုယ်ထူကိုယ်ထကျောင်းပေါ့။ အခုဆိုလေးရက်လောက်ရှိပြီ နေရာပြောင်းရွှေ့သင်နေရတယ်။ အစကတော့ အစိုးရကျောင်းအဆောက်အအုံမှာပဲ။ အခုက စာသင်ကျောင်းတွေလည်း လေကြောင်းတိုက်ခိုက် တာရှိလာတော့ ကျောင်းသားတွေအတွက် မလုံခြုံတော့ဘူးလေ။ ကျောင်းဆောင်ထဲမှကျတော့ အမိုးအကာတွေ လုံလုံခြုံခြုံနဲ့ တစ်စုတစ်စည်းတည်း သင်ရတာ။အခုက တစ်နေရာစီ ဟိုတစ်စု ဒီတစ်စုသင်ရတဲ့ အခါကျတော့ နေရထိုင်ရတာ၊သွားရလာရတာ ခက်ခဲပင်ပန်းတာတော့ရှိတယ်။
DW ။ ဒေသတွင်းကို မိုးတွင်းမှာ စစ်ကြောင်းထိုးလာနိုင်လား။ဘာတွေပြင်ဆင်ထားတာရှိလဲ။
ဖြေ ။ အခုတောင်စစ်ကြောင်းကရှိနေတယ်။မနက်ကပဲ ပစ်ကြခတ်ကြသေးတယ်။ အဲဒီအတွက် အဓိကပဲ ကျွန်မတို့ဒေသမှာက။ တိုက်ပွဲဖြစ်လို့ ပြေးရလွှားရတဲ့အခါ ဘယ်နှစ်ရက်ကြာမှန်းမသိ။ကျွန်မာတို့ ဒေသခံတော် တော်များများက အစားအသောက်၊ ဆေးဝါး၊ရိက္ခာကိုပဲ အဓိကစုဆောင်းကြရတာ။အခုမိုးတွင်းဆို ပိုပြီးစု ဆောင်းကြရတာပေါ့။
DW ။ ကျေးဇူးတင်ပါတယ်။