လောင်းလုံးမြို့တွင် ယနေ့(မေလ ၃၁) နံနက်ပိုင်းအထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေ၍ မြို့ခံများ နေရပ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ဒေသခံများကပြောသည်။
လောင်းလုံးမြို့ အနီးရှိ လက်ခတ်တောင် စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက မေလ ၃၀ ရက်နေ့ ညနေပိုင်းနှင့် ယနေ့ နံနက်ပိုင်းတို့တွင် ဝင်ရောက်တိုက်ခိုက်နေရာမှ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။
” ဒီနေ့ဆို မနက် ၅ နာရီလောက် ကတည်းက စပြီးပစ်နေကြတယ်။ မနေ့ ညနေကဆိုရင် လူရိပ် မြင်လောက်တဲ့ အချိန်ထိကို တိုက်နေကြသေးတယ်။ ဒီမနက်ကျ လက်နက်ကြီး တွေတော်တော်များတယ် ပစ်နေကြတာ “ဟု ယင်းမြို့ခံကပြောသည်။
နှစ်ရက်ခန့်ရှိလာပြီဖြစ်သည့် လောင်းလုံးတိုက်ပွဲတွင် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကောင်စီ၏ ရေတပ်နှင့် ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီ အမြောက်တပ်တို့က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်။

“ညကဆိုရင် ထားဝယ်ဘက်က ပစ်တာ မီးလုံးတန်းကြီးတွေကိုပါ ကောင်းကင်ပေါ်မှ မြင်ရတယ် “ဟု ယင်းဒေသခံကပြောသည်။
လောင်းလုံးတိုက်ပွဲ ပြင်းထန်နေမှုကြောင့် လောင်းလုံးမြို့ ခံနှင့် မြို့အနီး ကျေးရွာများတွင် နေထိုင်သည့် ဒေသခံများမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများကပြောသည်။
ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ရေဖြူနှင့် သရက်ချောင်းမြို့နယ်များတွင် မေလစတုတ္ထပတ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့အကြား စစ်ရေးပြင်းထန်နေသည်။