ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
မေ ၂၄ ရက်မှ ၃၀ ရက်အထိ
အပစ်ရပ်ရေး အမေရိကန် အဆိုပြုချက် ဟားမတ်စ် လက်မခံ

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ နောက်ဆုံးအဆိုပြုချက်ကို ဟားမတ်စ်အနေနဲ့ လက်မခံသေးဘူးလို့ ခေါင်းဆောင်အဖွဲ့ဝင်ထဲက ထုတ်ပြောလိုက်ပါတယ်။
အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်ရဲ့ အစီအစဉ်သစ်ကို အစ္စရေးဘက်က သဘောတူထားတာပါ။
ဒီသဘောတူချက်ကို ဟားမတ်စ်အဖွဲ့ရဲ့ တရားဝင်တုံ့ပြန်ချက်ရဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။
သဘောတူညီချက်ထဲမှာ ဟားမတ်စ်ဘက်က ဖမ်းဆီးထားပြီး အသက်ရှင်နေတဲ့ ဓားစာခံ ၁၀ ယောက်နဲ့ သေဆုံးသွားတဲ့ ရုပ်အလောင်း ၁၈ လောင်းကို ပြန်အပ်နှံဖို့အတွက် တောင်းဆိုထားတာပါ။
ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးနဲ့အတူ အစ္စရေးထောင်တွေထဲက ပါလက်စတိုင်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ်လို့ အဆိုပြုထားပါတယ်။
အဆိုပြုချက်အသစ်ထဲမှာ စစ်ပွဲအဆုံးသတ်ရေးလိုမျိုး အဓိကတောင်းဆိုချက်တွေကို ဖြည့်စွက်ထားခြင်း မရှိတဲ့အတွက် အဆိုပြုချက်ကို ဆက်လေ့လာသွားမယ်လို့ ဟားမတ်စ်ရဲ့ အကြီးတန်းတာဝန်ရှိသူက ပြန်လည်တုံ့ပြန်ထားပါတယ်။
Ref: BBC
……………………………………..
လီဗာပူးပရိသတ်အုပ်စုကို ကားဖြင့် ဝင်တိုက်သူကို အမှုဖွင့်

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်း မြို့အတွင်း လှည့်လည်အောင်ပွဲခံတဲ့အချိန် လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့သူကို အမှု ၇ မှုနဲ့ တရားစွဲထားပါတယ်။
ကားနဲ့ဝင်တိုက်သူဟာ အသက် ၅၃ နှစ်အရွယ်ရှိ ပေါလ်ဒွိုင်းဆိုသူ ဖြစ်ပါတယ်။
သူ့မှာ ကလေးသုံးယောက်ရှိတယ်လို့ ရဲတပ်ဖွဲ့က မေ ၂၉ ရက်မှာ ထုတ်ဖော်ပါတယ်။
သူက ရေတပ်တပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်ပြီး စီးပွားရေးသမားလည်း ဖြစ်ပါတယ်။
ဒီကားတိုက်မှုမှာ လူပေါင်း ၇၉ ဦး ထိခိုက်ခဲ့ပြီး ဒဏ်ရာရသူတွေထဲ အသက် ၉ နှစ်ကနေ ၇၈ နှစ်အထိ ပါဝင်ပါတယ်။
လက်ရှိအချိန်အထိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရသူ ၇ ဦးရှိနေဆဲပါ။
သူ့ကို တရားရုံးက အပြစ်ရှိကြောင်း အမိန့်ချရင် သေဒဏ်အထိ ကျခံရနိုင်ပါတယ်။
Ref: DW
……………………………………..
တရုတ်ကျောင်းသားဗီဇာတွေကို အမေရိကန် ရုပ်သိမ်းမယ်

အမေရိကန်ပြည်ထောင်စုထဲမှာ သင်ကြားနေတဲ့ တရုတ်ကျောင်းသားတွေရဲ့ ဗီဇာတွေကို ရုပ်သိမ်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်စပ်နေသူတွေ အရေးကြီးတဲ့ နယ်ပယ်တွေမှာ သင်ကြားနေတဲ့သူတွေကို ပြန်လည်ရုတ်သိမ်းမယ်လို့ ဆိုတာပါ။
နောက်ပိုင်း တရုတ်နဲ့ ဟောင်ကောင်က ဗီဇာလျှောက်ထားသူတွေကိုလည်း ပိုပြီးတင်းကျပ်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
မေ ၂၆ ရက်နေ့က ကမ္ဘာ့နိုင်ငံအသီးသီးက ကျောင်းသားဗီဇာ အင်တာဗျူး ချိန်းဆိုမှုအားလုံး ဆိုင်းငံ့ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
မေ ၂၈ ရက်မှာတော့ တရုတ်ကျောင်းသားတွေကို ပစ်မှတ်ထားတဲ့ ကြေညာချက် ထုတ်ခဲ့တာဖြစ်ပါတယ်။
တရုတ်ကျောင်းသားတွေရဲ့ ဗီဇာတွေကို ရုပ်သိမ်းသွားမယ်လို့ ကြေညာချက်ကိုတော့ တရုတ်က ရှုတ်ချထားပါတယ်။
Ref: The Guardian
……………………………………..
ထိုင်းနဲ့ ကမ္ဘောဒီးယား ပစ်ခတ်မှုဖြစ်၊ ကမ္ဘောဒီးယားစစ်တပ်ဘက်က သေဆုံး

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် မေ ၂၈ ရက်က ထိုင်းစစ်တပ်နဲ့ ကမ္ဘောဒီးယားစစ်တပ်တို့ကြား ပစ်ခတ်မှုဖြစ်ပြီး ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
ကမ္ဘောဒီးယားစစ်တပ်ဘက်က ပုံမှန်ကင်းလှည့်နေချိန် ထိုင်းစစ်တပ်နဲ့ ၁၀ မိနစ်ကြာ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။
ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယားနိုင်ငံက အသက် ၄၈ နှစ်ရှိ တပ်ကြပ်ကြီး ဆွန်လွန် သေဆုံးခဲ့ပါတယ်။
အဲနေရာက ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံနယ်စပ်မှာတည်ရှိပြီး ပစ်ခတ်မှုဖြစ်တဲ့နယ်မြေကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား အငြင်းပွားမှုဖြစ်နေတဲ့နေရာမှာ ဖြစ်ပါတယ်။
အဲဒီနေရာမှာ ခွင့်ပြုချက်မရဘဲ ဘယ်ဘက်ကမှ တပ်စခန်းဆောက် ကတုတ်ကျင်းတူး စစ်တပ်အင်အား ဖြည့်တင်းတာတွေ မပြုလုပ်ဖို့ သဘောတူ လက်မှတ်ရေးထိုးထားတယ်လို့ ထိုင်းဘက်က ပြောပါတယ်။
အဲနေရာမှာ ကမ္ဘောဒီးယားဘက်က ၆၅၀ မီတာရှည်လျားတဲ့ ကတုတ်ကျင်းတွေ တူးထားလို့ ထိုင်းစစ်တပ်က သွားညှိတဲ့အချိန် နားလည်မှုမှားပြီး ပစ်ခတ်မှုဖြစ်ကြတယ်လို့ ထိုင်းဘက်က ထုတ်ပြန်ပါတယ်။
နောက်ပိုင်းမှာတော့ နှစ်နိုင်ငံ သဘောတူနားလည်မှု ရရှိပြီလို့ ထုတ်ပြန်ထားပါတယ်။
Ref: AP
……………………………………..
မက္ကဆီကိုနေအိမ်ထဲ အလောင်း ၁၇ လောင်းတွေ့

မက္ကဆီကိုအလယ်ပိုင်းရှိ ဂွါနာဟွာတိုပြည်နယ် အီရာပွာတိုမြို့က နေအိမ်ထဲမှာ အလောင်း ၁၇ လောင်း ရှာတွေ့ခဲ့တယ်လို့ မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မေ ၂၃ ရက်က အီရာပွာတိုမြို့က နေအိမ်တခုရဲ့ လျှို့ဝှက်ဆောက်ထားတဲ့ သင်္ချိုင်းထဲမှာ အာဏာပိုင်တွေက လူပျောက်ရှာဖွေရင်း ရုပ်အလောင်း ၁၆ လောင်း တွေ့ရှိခဲ့တာပါ။
တခြားအရိုးစုကျနေတဲ့ ရုပ်အလောင်းတလောင်းကိုတော့ မေ ၂၄ ရက်က တွေ့ရှိခဲ့ပါတယ်။
ရုပ်အလောင်းတွေကို ဖော်ထုတ်နိုင်ဖို့ မှုခင်းဆေးပညာ ဓာတ်ခွဲခန်းကို ပို့ဆောင်ထားတယ်လို့ ထုတ်ပြန်ပါတယ်။
၎င်းတို့ထဲက ငါးဦးကတော့ ပျောက်ဆုံးနေတယ်လို့ တိုင်ကြားထားတဲ့ သူတွေဖြစ်နေပါတယ်။
Ref: CBS News
……………………………………..
ကုန်သွယ်ရေးစစ်ပွဲကြောင့် TEMU ဝင်ငွေ ထက်ဝက်ကျဆင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်တိုးမြင့်ကောက်ခံမယ့် ကုန်သွယ်ရေးစစ်ပွဲကြား တရုတ်အွန်လိုင်းရှော့ပင်းကုမ္ပဏီဖြစ်တဲ့ Temu ရဲ့ အမြတ်ငွေ ၅၀ ရာခိုင်နှုန်းနီးပါး ထိုးကျခဲ့တယ်လို့ PDD Holdings က ဖော်ပြပါတယ်။
အမေရိကန်မှာ Temu ရှယ်ယာတွေဟာ ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ဒီနှစ် ပထမ ၃ လမှာတင် အမြတ်ငွေ ဒေါ်လာ ၂ ဘီလီယံကျော်အထိ ကျဆင်းခဲ့တာပါ။
ဒီပမာဏက ဒီနှစ်ရဲ့ ပထမ ၃ လပတ်မှာ ၄၇ ရာခိုင်နှုန်း အမြတ်ငွေ ကျဆင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါက အမေရိကန်ဘက်က အခွန်တိုးကောက်တဲ့ ပေါ်လစီတွေ ပြောင်းလဲမှုကြောင့်လို့ ကုမ္ပဏီဥက္ကဌက ပြောပါတယ်။
အခွန်တိုးကောက်တာက တရုတ်ကနေ အမေရိကန်က ဝယ်သူတွေကို တိုက်ရိုက် ကုန်ပစ္စည်းရောင်းချမှုတွေ အဆုံးသတ်သွားတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
Ref: BBC
……………………………………..
တောင်အာဖရိကမှာ အသက် ၆ နှစ် သမီးဖြစ်သူကို လူကုန်ကူးမှုနဲ့ မိခင်ကို ထောင်တစ်သက်ချ

တောင်အာဖရိကနိုင်ငံမှာ အသက် ၆ နှစ်အရွယ် သမီးဖြစ်သူကို လူကုန်ကူးမှုနဲ့ မိခင်ဖြစ်သူကို မေလ ၂၉ ရက်နေ့က ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါတယ်။
အဲဒီကလေးပျောက်တဲ့အမှုက ပြီးခဲ့တဲ့နှစ်ကတည်းက နိုင်ငံတစ်ဝန်းမှာ လူစိတ်ဝင်စားမှုများခဲ့တာပါ။
မိခင်ဖြစ်သူနဲ့အတူ ကြံရာပါနှစ်ဦးက သမီးဖြစ်သူ ဂျော့ရှ်လင် စမစ်ကို ပြန်ပေးဆွဲပြီး လူကုန်ကူးခဲ့တာဖြစ်ပါတယ်၊
တရားခွင်မှာ မျက်မြင်သက်သေက မိခင်ဖြစ်သူ ရက်ကွယ်ဟာ သူ့သမီးကို တိုင်းရင်းဆေးဆရာတစ်ဦးဆီ ရင်းဒ် ၂၀၀၀၀ (ဒေါ်လာ ၁၁၀၀) နဲ့ ရောင်းချခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
သမီးဖြစ်သူရဲ့ မျက်စိနဲ့ အရေပြားကို အလိုရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရက်ကွယ်တို့အဖွဲ့ ကို ပြစ်မှုထင်ရှားတာကြောင့် တရားသူကြီးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ကတော့ သမီးဖြစ်သူ ဂျော့ရှ်လင် စမစ်ကို အင်းတိုက်အားတိုက်ရှာဖွေနေပေမဲ့ အခုထိမတွေ့သေးဘူးလို့ သိရပါတယ်။
Ref: nyt Time
……………………………………..