တနင်္သာရီမြို့နယ် သာရဖုံကျေးရွာနှင့် ပဝပိန်းတောကျေးရွာတို့ကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ပြီး ပဝပိန်းတောကျေးရွာတွင် နေအိမ်တစ်ဆောင်မီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ မတ်လ ၃၁ရက် နံနက် ၁၀နာရီတွင် စစ်အာဏာရှင်တပ် ဇဝဲကျေးရွာအခြေစိုက် ၅၅၆ခြေမြန်တပ်ရင်းက ကာမီကာဇေ ဒရုန်းနှစ်စီးဖြင့် သာရဖုံရွာနှင့် ပဝကျေးရွာအုပ်စုရှိ ပဝပိန်းတောကျေးရွာတို့ကို တိုက်ခိုက်ကြောင်း ၎င်းတို့က ပြောသည်။
ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ပဝပိန်းတောရွာရှိ သစ်သားအိမ်တစ်ဆောင် မီးလောင်သွားပြီး လူထိခိုက်မှုမရှိကြောင်း ပဝကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
“ရွာထဲ ဒရုန်းလာကျတော့ အကုန်ပြေးကုန်တယ်။ ထပ်လာချမှာစိုးရိမ်တော့ မီးမငြှိမ်းလိုက်နိုင်ဘူး” ဟု ၎င်းက ပြောဆိုသည်။
စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်း နှစ်စီးပြိုင်တူတက်လာပြီး သာရဖုံရွာတွင် တစ်စီးကျကာ ကျန်တစ်စီးမှာ ပဝရွာတွင် ကျကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။
သာရဖုံရွာတွင် နေအိမ်အနီးတွင် ဒရုန်းကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲသံကြားချိန်မှသာ ဒရုန်းဖြင့် တိုက်ခိုက်သည်ကို သိရှိရခြင်းဖြစ်ကြောင်း သာရဖုံကျေးရွာမှ ဒေသခံတစ်ဦးက ပြောဆိုသည်။
“ပေါက်ကွဲသံကြားမှ ဒရုန်းလာချနေမှန်းသိတယ်။ အိမ်အနားကို ကျသွားတယ်။ လူထိခိုက်မှု မရှိဘူး” ဟု ၎င်းက ပြောသည်။
ပဝကျေးရွာနှင့် သာရဖုံကျေးရွာများတွင် လူများနေထိုင်ကြသော်လည်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုကိုလည်း စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိသည်။
ကာမီကာဇေမှာ ဒရုန်းကို အဆုံးအရှုံးခံကာ ဝင်ရောက်ဖောက်ခွဲတိုက်ခိုက်သည့် ဒရုန်းအမျိုးအစားဖြစ်ပြီး အသေခံ ဒရုန်းဟု လူသိများသည်။







