ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုး၏ စက်သုံးဆီဆိုင်ကို စစ်ကော်မရှင် ယာယီပိတ်သိမ်း

March 31, 2026

ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုးပိုင်ဆိုင်သော ရန်ကုန်မြို့ရှိ Apex စက်သုံးဆီဆိုင်ကို စစ်ကော်မရှင်က ယာယီပိတ်သိမ်း အရေးယူလိုက်သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မွန်ပြည်နယ်ရှိ စက်သုံးဆီဆိုင် ၁၇ ဆိုင်အား စစ်ကော်မရှင်က ယာယီပိတ်သိမ်းကြောင်း ယနေ့ မတ်လ ၃၁ရက်တွင် ထုတ်ပြန်ရာ၌ ဦးခင်စိုး ပိုင်ဆိုင်သည့် Apex စက်သုံးဆီ အရောင်းဆိုင်လည်း ပါဝင်နေခြင်းဖြစ်သည်။

ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ Apex စက်သုံးဆီဆိုင်အား ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။

Apex Gas & Oil Public Co., Ltd. သည် မြန်မာနိုင်ငံတွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်နှင့် ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီတစ်ခုဖြစ်ပြီး Apex Group အောက်တွင်ရှိသည်။

Apex Group ကို ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုးက ပိုင်ဆိုင်သည်။

ဦးခင်စိုးသည် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးသူဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ၎င်းအား စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးရာတွင် မသမာမှု၊ ဒေါ်လာဝယ်ရောင်းကိစ္စများဖြင့် စစ်ကော်မရှင်က ဖမ်းဆီးထားကြောင်း ပြည်တွင်းသတင်းဌာနတို့တွင် ဖော်ပြထားသည်။

ဦးခင်စိုး ဖမ်းဆီးခံရသည်ကို အတည်ပြုနိုင်သော်လည်း မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ထိုသို့ ဦးခင်စိုး အဖမ်းခံရပြီး လပိုင်းအကြာတွင် ၎င်းပိုင် စက်သုံးဆီအရောင်းဆိုင် ယာယီပိတ်သိမ်း အရေးယူခံရခြင်း ဖြစ်သည်။

Apex စက်သုံးဆီဆိုင် ယာယီပိတ်သိမ်းခံရခြင်းနှင့် ဦးခင်စိုး အဖမ်းခံရသည့် အခြေအနေများအား မေးမြန်းနိုင်ရန် ဦးခင်စိုး ၏ ကုမ္ပဏီဖုန်းနံပါတ်အား ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဆက်သွယ်ရာ စက်ပိတ်ထားသဖြင့် အဆက်အသွယ်မရပေ။

ဦးခင်စိုး၏ ကုမ္ပဏီတွင် စက်သုံးဆီတစ်ဆင့်ဝယ်ယူပြီး ထားဝယ်မြို့တွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်မန်နေဂျာ တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင်လည်း ယင်းကိစ္စ မသိရသေးကြောင်းသာ ‌ဖြေဆိုခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မွန်ပြည်နယ်တို့ရှိ စက်သုံးဆီဆိုင် ၁၇ ဆိုင်အား ယာယီပိတ်သိမ်း အရေးယူခြင်းနှင့် ပတ်သတ်ပြီး စစ်ကော်မရှင် ထုတ်ပြန်ချက်တွင်မူ စက်သုံးဆီ အရောင်းဆိုင် ပိတ်ထားခြင်း၊ Scan မဖတ်ဘဲ ရောင်းချခြင်း၊ ဈေးတင်ရောင်းချခြင်း၊ တရားမဝင်ရောင်းချခြင်းများကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဦးခင်စိုးသည် ထားဝယ်မြို့တွင် DDPC စက်သုံးဆီဆိုင်အပါအဝင် ဟိုတယ်လုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်သည့် ရန်ကုန်မြို့အခြေစိုက် အဏ္ဏဝါလွှမ်းကုမ္ပဏီတို့ကိုလည်း ပိုင်ဆိုင်သည်။