သရက်ချောင်းမြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းယူထားသည့် ဝင်းဝစခန်းအနီးနှင့် အနီးဝန်းကျင်ရှိ ကျေးရွာ များကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ် နှစ်စင်းထက်မနည်း အသုံးပြုကာ ယနေ့ နံနက်က ဗုံးကြဲတိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းက တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံအချို့က ပြောသည်။
မြိတ်-ထားဝယ်လမ်းရှိ ဝင်းဝစခန်းကိုး အနီးဝန်းကျင်နှင့် ဝဲရစ်၊ သိမ်ကုန်းကျေးရွာများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သလို စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။
ယနေ့ မတ်လ ၃၁ ရက် နံနက် ၉နာရီခန့်တွင် K8W တိုက်လေယာဉ် နှစ်စင်းဖြင့် တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ပြီး နံနက် ၁၁ နာရီကျော်တွင်လည်း K8W တိုက်လေယာဉ်တစ်စင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ကြောင်း PDF တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဗုံးကြဲတိုက်ခိုက်မှုနှင့် စက်သေနတ်ဖြင့် ပစ်ခတ်မှုတို့ကြောင့် ထိခိုက်၊ ပျက်စီးမှု အခြေအနေများကို မသိရသေးပေ။
ဝင်းဝစခန်းသည် သရက်ချောင်းမြို့နယ်အနီး ဆင်ကူးရွာမှ ပုလောမြို့နယ်၊ အမှတ်(၁၂) လေ့ကျင့်ရေး စစ်သင်တန်း ကျောင်းရှိသည့် ပလောက်မြို့အနီးက ဆင်ထိုးကြီးရွာအထိ မြိတ်-ထားဝယ် အမှတ်(၈) ပြည်ထောင်စု ကားလမ်း တစ်လျှောက်တွင် တစ်ခုတည်းကျန်ရှိနေသည့် စစ်အာဏာရှင်တပ်စခန်းဖြစ်သည်။
ယင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် PDF ပူးပေါင်းတပ်များက တစ်လကျော်ကြာ တိုက်ခိုက်ပြီးနောက် မတ်လ ၁၁ ရက်တွင် သိမ်းယူထားသည်။
ကားလမ်းအပြင် ပင်လယ်ထွက်ပေါက်နှင့်လည်းနီးပြီး စစ်ရေးအရ အရေးပါသည့် ဝင်းဝစခန်းမှ ပင်လယ်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးလာသည့် စစ်အာဏာရှင်တပ်ဖွဲ့သည် ဂုံညှင်းဆိပ်ကျေးရွာအနီးတွင် ပိတ်မိနေပြီး ဂုံညှင်းဆိပ်နှင့် အနီးဝန်းကျင် ကျေးရွာများကိုလည်း စစ်အာဏာရှင်တပ် လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည်။
မတ်လနောက်ဆုံးအပတ်တွင် သရက်ချောင်းမြို့မှ စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းဆင်းလာပြီး မတ်လ ၃၀ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် သဲချောင်းကြီးရွာဘက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ဆိုသည်။
တော်လှန်ရေးပူးပေါင်းတပ်မှာ ပါဝင်သည့် PDF တပ်ရင်းက တာဝန်ရှိသူတစ်ဦးကလည်း “စကစ စစ်ကြောင်းကတော့ ဝင်းဝစခန်းအနီးကို ချည်းကပ်လာနေပါတယ်” ဟု ပြောသည်။
သရက်ချောင်းမြို့နယ်အောက်ပိုင်းရှိ ဝင်းဝစခန်းအနီးဝန်းကျင်က ကျေးရွာပေါင်း ၁၁ ရွာကို ဖေဖော်ဝါရီလ ၁၀ ရက်မှ မတ်လ ၃၁ ရက်အထိ တစ်လကျော်ကာလတွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေသည်။







