ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ခေါင်းဆောင်နှင့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ကို ဒုသမ္မတအဖြစ်ရွေးချယ်

March 31, 2026

စစ်အုပ်စု စိတ်ကြိုက်ပြင်ဆင်ကျင်းပသည့် ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးတို့ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်လိုက်သည်။

စစ်ခေါင်းဆောင်ကို ဒုသမ္မတအဖြစ် ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်ခြင်းဖြစ်ပြီး ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးကို ဒုသမ္မတအဖြစ် အမျိုးသားလွှတ်တော်က ရွေးချယ်တင်မြှောက်ခြင်း ဖြစ်သည်။

ယမန်နေ့ မတ်လ ၃ဝရက်က ပြည်သူ့လွှတ်တော်တွင် စစ်ခေါင်းဆောင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေတို့ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။

ယနေ့တွင် မဲပေးရွေးချယ်ရာ စစ်ခေါင်းဆောင်က မဲအနိုင်ရ၍ ဒုသမ္မတဖြစ်လာသည်။

ပြည်သူ့လွှတ်တော်ရှိ ဆန္ဒမဲ ၂၆၃ မဲအနက် စစ်ခေါင်းဆောင် ၂၄၇ ဖြင့် ဒေါက်တာကျော်ဆွေကို အနိုင်ရခဲ့သည်။

အမျိုးသားလွှတ်တော်တွင်မူ ကချင်ပြည်နယ်ပြည်သူ့ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမနာမ်တူးဂျာနှင့် ဒေါ်နန်းနီနီအေးတို့ကို သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။

ယနေ့ မဲပေးရွေးချယ်ရာတွင် အမျိုးသားလွှတ်တော်ရှိ ဆန္ဒမဲ ၁၅၅ မဲအနက် ဒေါ်နန်းနီနီအေးက ၁၁၇ မဲဖြင့် ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရရသည်။

ဒေါ်နန်းနီနီအေးသည် ပညာရေးနယ်ပယ်မှ လာသူတစ်ဦးဖြစ်းပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ၏ ကရင်ပြည်နယ် ဥက္ကဋ္ဌလည်းဖြစ်သည်။

စစ်အာဏာရှင် တပ်ကိုယ်စားလှယ် အစုအဖွဲ့ကမူ စစ်ကော်မရှင်၏ ဝန်ကြီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ညိုစောကို ဒုသမ္မအဖြစ် ရွေးချယ်ခဲ့သည်။