ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန် လေထီးတပ်သားထောင်ချီ အရှေ့အလယ်ပိုင်းသို့ ရောက်ရှိ

March 31, 2026

အမေရိကန်စစ်တပ်၏ ထိပ်တန်း အမှတ် (၈၂) လေထီးတပ်မက တပ်ဖွဲ့ဝင်ထောင်နှင့်ချီ အရှေ့အလယ်ပိုင်းဒေသသို့ စတင်ရောက်ရှိလာပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနကို မတ်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ လေထီးတပ်သားများသည် အရှေ့အလယ်ပိုင်းဒေသတွင်းသို့ ကြိုတင်စေလွှတ်ထားသည့် အမေရိကန် ရေတပ်သားများ၊ မရိန်းတပ်ဖွဲ့ဝင်များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာနှင့် ပူးပေါင်းမည်ဖြစ်သည်။

ယင်းလေထီးတပ်ဖွဲ့ဝင်များအား မည်သည့်နေရာသို့ အတိအကျ စေလွှတ်မည်ဆိုသည်ကို အဆိုပါ အမေရိကန်အရာရှိများက ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း သိရသည်။

အီရန်စစ်ပွဲတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နောက်ထပ်လုပ်ဆောင်မည့် အစီအစဉ်များကို စဉ်းစားသုံးသပ် နေချိန်တွင် အဆိုပါ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်တပ်ဖွဲ့ဝင် အင်အားထောင်ချီ ထပ်မံစေလွှတ်ရန် ထရမ့်အစိုးရက စဉ်းစားနေကြောင်း ရိုက်တာသတင်းဌာနက မတ်လ ၁၈ ရက်တွင် ပထမဆုံးအကြိမ် ဖော်ပြခဲ့သည်။

ယင်းသို့ စေလွှတ်ခြင်းဖြင့် အမေရိကန်တပ်ဖွဲ့များ အီရန်နယ်နိမိတ်အတွင်းအထိ ဖြန့်ကျက်ချထားနိုင်မည့် စစ်ရေးအရ ရွေးချယ်စရာ နည်းလမ်းများ ပိုများပြားကျယ်ပြန့်လာကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းမှာပင် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၂,၅၀၀ ခန့် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိခဲ့သည်။

အီရန်နိုင်ငံအတွင်းသို့ အမေရိကန်တပ်ဖွဲ့ဝင်များ စေလွှတ်ရန် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချရသေးသော်လည်း ယခုလုပ်ဆောင်ချက်သည် ဒေသတွင်း၌ နောက်ထပ်ပေါ်ပေါက်လာနိုင်သည့် အမေရိကန်စစ်ဆင်ရေးများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရန်ဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ခုက ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

Source: Reuters