အာဏာသိမ်းမှုနှင့်အတူ ပေါ်ပေါက်လာသည့် အထွေထွေအကျပ်အတည်းနှင့် စစ်ဘေးဒဏ်ကို ခံစားနေကြရသည့် တောင်ပိုင်းသားများမှာ စက်သုံးဆီဂယက်ကိုပါ ထပ်ဆင့်ခံစားလာကြရသည်။
အိုးမကွာအိမ်မကွာနေထိုင်သူများပင် စက်သုံးဆီဂယက်ဒဏ်ကို အလူးအလဲခံနေရချိန်တွင် အိုးအိမ်ပစ်ပြီး တောတောင်များနှင့် အခြားမြို့ရွာများတွင် နေထိုင်ကြရသည့် စစ်ရှောင်ပြည်သူများမှာ ခက်ခဲကျပ်တည်းမှုကို ပိုခံနေရသည်။
ဖေဖော်ဝါရီလစာရင်းအရ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက် ကိုးသောင်းနီးပါးရှိနေရာ အများစုက ဘေးလွတ်ရာ ဥယျာဉ်တောတောင်များ၊ဓနိတောများနှင့် အခြားမြို့ရွာများတွင် နေထိုင်ကြရသည်။
အဆိုပါစစ်ရှောင်များက ရိက္ခာနှင့်ဆေးဝါးကို ခရီးကွာဝေးသည့် အခြားဒေသများတွင် သွားရောက်ဝယ်ယူပြီး စားရေးကို ဖြေရှင်းနေကြသည်။
လက်ရှိတွင် စက်သုံးဆီဂယက်က မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်လာရာ စစ်ဘေးရှောင်များမှာ စက်သုံးဆီဝယ်ရ ခက်ခဲလာခြင်း၊ ဈေးကြီးပေးဝယ်ရခြင်း၊ ကုန်စျေးနှုန်းကြီးမြင့်လာခြင်းတို့ကို ကြုံတွေ့လာသည်။
စားနပ်ရိက္ခာသယ်ဆောင်ရန်နှင့် အရေးပေါ်ကျန်းမာရေးအတွက် ဒေသအလိုက် ဆိုင်ကယ်၊ကားနှင့် စက်လှေကိုသာ အဓိကအားထားနေရသည့်အတွက် စက်သုံးဆီပြတ်လပ်ဈေးတက်မှုကြောင့် ပိုပြီးအခက်တွေ့နေကြရသည်။
စက်သုံးဆီ ဂယက်ကြောင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာအခက်အခဲများ ပိုမိုကြုံတွေ့ရသလို စစ်ဘေးရှောင် ထောက်ပံ့ရေးအဖွဲ့များမှာလည်း ကုန်စျေးနှုန်းကြီးမြင့်မှုနှင့်စက်သုံးဆီရှားပါးခက်ခဲမှုကြောင့် ထောက်ပံ့ရေးအတွက် အကျပ်အတည်း ဆိုက်လာကြရသည်။
စက်သုံးဆီအခြေအနေပိုဆိုးလာပါက စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာအခက်အခဲ ကြုံလာရမည်ဖြစ်ပြီး အငတ်ဘေးဆိုက်မည့် အန္တရာယ်ပင် ရှိနေပြီဖြစ်သည်။
ယင်းအခြေအနေများကိုသိရှိနိုင်ရန် စစ်ဘေးရှောင်များ၊ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူများကို မေးမြန်းပြီး ယခုအပတ် တနင်္သာရီပုံရိပ်အဖြစ် တင်ဆက်လိုက်ပါသည်။
“ကပ်ဘေးပေါင်းစုံကြားက စစ်ဘေးရှောင်တွေခမျာ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာဆိုသလိုပါပဲ”
ကိုယောနသံ၊ ပြောရေးဆိုခွင့်ရှိသူ၊ ထားဝယ်အမျိုးသားအဖွဲ့ချုပ်
(ကိုယောနသံသည် ထားဝယ်ဒေသစစ်ဘေးရှောင်များအရေးကို ထဲထဲဝင်ဝင် ကူညီလုပ်ဆောင်နေသူ ဖြစ်သည်)
DW ။ စက်သုံးဆီရှားပါးဈေးတက်လာတော့ စစ်ရှောင်အရေးကူညီနေတဲ့လူတွေ၊ အဖွဲ့အစည်းတွေက ဘယ်လိုအခက်အခဲတွေကြုံနေရလဲ။
ဖြေ ။ အဓိကအခက်ကြုံနေရတာကတော့ စစ်ဘေးရှောင်တွေအတွက် သယ်ယူပို့ဆောင်ရေးအခက်အခဲဖြစ်ပါတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်း အစသဖြင့် စစ်ဘေးရှောင်တွေအတွက်လိုအပ်တာတွေကိုသယ်ယူတဲ့အခါ စက်သုံးဆီဝယ်ယူရရှားပါးတာ၊ ပြတ်လပ်တာနဲ့ ဈေးနှုန်းမြင့်မားလာတာ။ ဒီလိုအခြေအနေတွေကြောင့် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို လိုအပ်တဲ့အချိန်မှာ အချိန်မီမပို့ဆောင်နိုင်တာမျိုးတွေ ကြုံလာရပါတယ်။ စက်သုံးဆီပြတ်လပ်မှုနဲ့ ဒီလိုမျိုးဆက်ကြုံနေရမယ်ဆိုရင် စစ်ဘေးရှောင်ဒေသတွေအထိရောက်အောင် သယ်ယူပို့ဆောင်ဖို့ အခက်အခဲ ဖြစ်လာနိုင်သလို လုံးဝမပို့နိုင်တဲ့အခြေအနေတွေနဲ့လည်း ကြုံတွေ့လာရနိုင်ပါတယ်။
DW ။ အရင်က ကူညီရေးလုပ်ငန်းတွေ လုပ်ခဲ့ရတာနဲ့ အခုက ဘယ်လိုကွာခြားသွားလဲ။
ဖြေ ။ အရင်ကတော့ ဆီဈေးတည်ငြိမ်မှုရှိပြီး စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့အကူအညီတွေကို အချိန်မီပို့ဆောင်ပေးနိုင်ပြီးတော့ တော်တော်လေး ဖြည့်ဆည်းပေးနိုင်တဲ့အခြေအနေမျိုးရှိပါတယ်။ အခုကတော့ ကုန်ဈေးနှုန်းမြင့်မားတာနဲ့ ရှားပါးပြတ်လပ်နေတာတွေကြောင့် သယ်ယူပို့ဆောင်ရတာ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ အခက်အခဲတွေကြုံလာရပါတယ်။ အထူးသဖြင့်ဒီလိုအခြေအနေက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ စိုးရိမ်ရပါတယ်။ စက်သုံးဆီရှားပါးပြတ်လပ်မှုကြောင့် စစ်ဘေးရှောင်တွေမှာ မလိုအပ်ဘဲ အနာဒဏ်ရာပိုပြီးခံစားရတာနဲ့ အသက်ဆုံးရှုံးရတဲ့ အခြေအနေတွေအထိပါ ခြိမ်းခြောက်မှုဖြစ်လာနိုင်ပါတယ်။
DW ။ စက်သုံးဆီဂယက်ကြောင့် အထွေထွေကုန်စည်တွေ ဈေးထပ်တက်သွားတော့ စစ်ရှောင်တွေအတွက် ရိက္ခာပစ္စည်းတွေဝယ်ယူရာမှာရော ကွာခြားမှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ ။ လိုအပ်တဲ့ကုန်ပစ္စည်း ဆေးဝါးစတာတွေ အလုံအလောက်မရနိုင်တော့တာက အရင်ကအခြေအနေနဲ့ အဓိကကွာခြားချက်ဖြစ်ပါတယ်။ ကုန်ပစ္စည်းတိုင်းရဲ့ဈေးနှုန်းက အနည်းဆုံး နှစ်ဆ သုံးဆလောက်အထိ ချက်ခြင်းမြင့်တက်သွားတာတွေရှိလာပါတယ်။ နဂိုကတည်းက စစ်အုပ်ချုပ်ရေးအောက်မှာဗုန်းဗုန်းလဲကျနေတဲ့ တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေတွေကြောင့် ကုန်ဈေးနှုန်းက အဆမတန်မြင့်မားနေတဲ့အခြေအနေမျိုးမှာ အခုလို ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွေကြောင့် ရိုက်ခတ်လာတဲ့ စက်သုံးဆီဂယက်က စစ်ဘေးရှောင်တွေအတွက်ရော ပြည်သူလူထုတစ်ရပ်လုံးအတွက်ပါ မိအေးနှစ်ခါနာဆိုသလို ဖြစ်နေပါတော့တယ်။
DW ။ စက်သုံးဆီဂယက်ကြောင့် အိုးမကွာအိမ်မကွာနေရတဲ့ သာမန်ပြည်သူတွေတောင် အခက်အခဲအများကြီး ကြုံနေရချိန်မှာ စစ်ရှောင်တွေကရော ဘယ်လိုတွေ ကြုံနေရလဲ။
ဖြေ ။ စစ်သုံးဆီဂယက်ကို ပြည်သူလူထုတစ်ရပ်လုံးက ခံစားနေရတဲ့အခြေအနေဆိုပေမယ့် သာမန်ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအကြားမှာ အချို့သောကွာခြားမှုလေးတွေတော့ ရှိပါတယ်။ အထူးသဖြင့် အခက်အခဲ အကျပ်အတည်းက စစ်ဘေးရှောင်တွေပြည်သူတွေမှာ ပိုကြုံရပါတယ်။ ဥပမာပြရရင် စက်သုံးဆီပြတ်လပ်နေပေမယ့် သာမန်အခြေအနေမှာရှိတဲ့ သာမန်ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာဖြစ်စေ၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုရရှိဖို့ အတွက်ဖြစ်စေ လွယ်ကူသေးတယ်။ဈေးတွေတက်နေပေမယ့် ဝယ်နိုင်တဲ့အခြေအနေမှာရှိပါတယ်။ တောတောင် ရွှံ့နွံ့တွေထဲက စစ်ဘေးရှောင်တွေမှာကတော့ စစ်ရဲ့ဒဏ်ကိုလည်း ခံစားနေရတယ်။ စစ်ဒဏ်ကြောင့် ကောင်းရောင်း ကောင်းဝယ် လွတ်လွတ်လပ်လပ်ရောင်းဝယ်ဖောက်ကားလို့မရဘူး။ ဝယ်ခြမ်းစားသောက်ရမယ့်နေရာတွေကလည်း မနီးတဲ့အတွက် ပိုအခက်ကြုံရပါတယ်။ အခုကျွန်တော်တို့ဒေသမှာဆိုရင် စစ်ရေးအခြေအနေအရ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာရှိတယ်။ ဒီလို ဆက်သွယ်ရေးပြတ်တောက်နေတဲ့ အခြေအနေမျိုးမှာ အရေးပေါ်ကျန်းမာရေးအခြေအနေတွေဖြစ်လာရင် စက်သုံးဆီသာရှိနေရင် ဆိုင်ကယ်ဖြစ်ဖြစ် ကားဖြစ်ဖြစ် ဒီလိုယာဥ်တစ်ခုခုနဲ့ ချက်ချင်းသယ်လို့ရတယ်။ သယ်ယူဖို့အတွက် လိုအပ်တဲ့အချိန်မှာ အကူအညီတွေကိုလည်း ချက်ချင်းခေါ်ယူပြီး ချက်ခြင်းသယ်ပို့လို့ရတာပေါ့။ အခုကတော့ ကပ်ဘေးပေါင်းစုံကြားက စစ်ဘေးရှောင်တွေခမျာ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာဆိုသလိုပါပဲ။
DW ။ ရေရှည်မှာ စက်သုံးဆီပြတ်လပ်ဈေးတက်နေမယ်ဆိုရင် စစ်ရှောင်တွေ ဘယ်လိုစိန်ခေါ်မှုတွေကို ပိုပြီးရင်ဆိုင်လာရနိုင်လဲ။
ဖြေ ။ စက်သုံးဆီကတော့ ကဏ္ဍတိုင်းမှာ စွမ်းအင်အသုံးပြုမှုအတွက် အဓိကလိုအပ်ချက်တွေထဲကတစ်ခုပဲလေ။ ဆိုတော့ စက်သုံးဆီပြတ်လပ်မှုက ကဏ္ဍတိုင်းအပေါ်မှာ သက်ရောက်မှုရှိလာတယ် အခက်ကြုံလာရတော့တယ်ပေါ့။ အထူးသဖြင့် ကုန်ဈေးနှုန်းမြင့်မားတာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းစတာတွေကို အချိန်မီမပို့ဆောင်နိုင်တာ၊ အကူအညီတွေရယူနိုင်ဖို့အတွက် ဆက်သွယ်ရေးပြတ်တောက်တာနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ အချိန်မီမရရှိတာကြောင့် မလိုအပ်ဘဲ အနာရောဂါ ပိုခံစားရတာ၊ ကိုယ်လက်အင်္ဂါတွေဆုံးရှုံးရတာအပြင် အသက်ဆုံးရှုံးရတဲ့အထိပါ ရင်ဆိုင်လာရနိုင်ပါတယ်။
DW ။ ဒီလိုအခြေအနေမှာ စစ်ရှောင်အရေးကူညီနေတဲ့အဖွဲ့တွေ၊ အလှူရှင်တွေကို ဘာသတင်းစကားပါးချင်လဲ။
ဖြေ ။ ကျွန်တော်တို့အနေနဲ့ စစ်ဘေးရှောင်အရေးကူညီပေးနေကြသူတွေအချင်းချင်းကို အခုလိုအချိန်မျိုးမှာ ပါးချင်တဲ့သတင်းစကားကတော့ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချင်းချင်းကြားမှာ ‘ပိုသူမှ လိုသူသို့’ ဆိုသလို အပြန်အလှန်ဖေးဖေးမမနဲ့ လုပ်ကိုင်ဆောင်ရွက်ကြဖို့ပါပဲ။ ဒီလိုအကန့်အသတ်နဲ့ရှိနေတဲ့အရင်းအမြစ်တွေကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ဆိုတာက ကူညီပေးနေကြတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေအချင်းချင်းကြားမှာ ပူးပေါင်ဆောင်ရွက်ပြီး ညှိညှိနှိုင်းနှိုင်းလုပ်ကိုင်ကြခြင်းကသာ အထိရောက်ဆုံးဖြစ်ပါလိမ့်မယ်။ အခုလိုအချိန်အခါမျိုးမှာ ကျွန်တော်တို့ကြားက သေးငယ်တဲ့ကူညီမှုမျိုး၊ ပူးပေါင်းဆောင်ရွက်မှုမျိုးလေးတွေတောင်မှ အရေးကြီးပါတယ်။
DW ။ စစ်ရှောင်နေရတဲ့ပြည်သူတွေကရော စက်သုံးဆီရှားပါးလာတဲ့အခြေအနေမှာ ဘာတွေကြိုတင်ပြင်ဆင်သင့်လဲ။
ဖြေ ။ အဓိကအားဖြင့်ကတော့ စက်သုံးဆီအသုံးပြုမှုကို အလေအလွင့်အဆုံးအရှုံးမဖြစ်ရလေအောင် အလေးထားပြီး သုံးစွဲကြဖို့ကိုပဲ ကြိုတင်ပြင်ဆင်ပြီး လိုက်နာကြဖို့အကြံပြုလိုပါတယ်။ အခြားသောကြိုတင်ပြင်ဆင်မှုနဲ့ အချက်အလက်တွေကတော့ လုံခြုံရေးအရ အသေးစိတ်အကြံမပြုနိုင်တာကို နားလည်ပေးစေလိုပါတယ်။ မြေပြင်မှာကြုံတွေ့နေရတဲ့၊ ရင်ဆိုင်လုပ်ကိုင်နေကြရတဲ့သူတွေအနေနဲ့လည်း ဘာတွေကို ကြိုတင်ပြင်ဆင်ကြမလဲ ဆိုတာကို ကိုယ့်ရဲ့ကာလံဒေသံနဲ့ ကိုက်ညီတဲ့ပုံစံမျိုးဖြစ်အောင် ဝိုင်းဝန်းတိုင်ပင်ဆွေးနွေးကြပြီး အကောင်းဆုံး ပြင်ဆင်ကြဖို့ ရင်ဆိုင်ကြဖို့ အကြံပြုလိုပါတယ်။
DW ။ အခြားဘာများဖြည့်စွက်ပြောချင်လဲ။
ဖြေ ။ စစ်ဘေးဒဏ်နဲ့ စက်သုံးဆီဂယက်အစသဖြင့် ကြုံတွေ့နေရတဲ့အခြေအနေတွေက ဆိုးရွားလေလေ စစ်ဘေးရှောင်တွေအတွက် ပိုပြီး အခက်ကြုံရလေလေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကလည်း ပိုပြီးလိုအပ်နေလေလေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြည်သူတွေအချင်းချင်း အပြန်အလှန်ဖေးမကူညီကြဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုတော့ဖြည့်စွက်တိုက်တွန်းလိုပါတယ်။ ပြည်သူသာလျှင် အဓိကပါ။
“အိမ်ထောင်စုတွေအလိုက်မှာ လျော့စားရတဲ့ဟာမျိုးတွေလည်း ရှိကောင်းရှိလာနိုင်တယ်”
စစ်ဘေးရှောင်အရေးကူညီပေးနေသည့် ခုနှစ်စင်ကြယ် အဖွဲ့ဝင်တစ်ဦး၊ မြိတ်ခရိုင်
DW ။ စက်သုံးဆီရှားပါးဈေးတက်လာတော့ စစ်ရှောင်အရေးကူညီနေတဲ့လူတွေ၊ အဖွဲ့အစည်းတွေက ဘယ်လိုအခက်အခဲတွေကြုံနေရလဲ။
ဖြေ ။ အဓိက ကတော့ စက်သုံးဆီရှားပါးတော့ စစ်ရှောင်ကူနေအဖွဲ့တွေမှာ သွားရေးလာရေးခက်ခဲတာ ပြဿနာရှိတယ်။ နောက်တစ်ခုကျတော့ ထောက်ပံ့မှုတွေ နောက်နှေးကြန့်ကြာတာတွေ ဖြစ်လာတယ်။ သွားရေးလာရေးအခက်အခဲ ဖြစ်လာတော့ ပုံမှန်ကျွန်တော်တို့ နှစ်ကြိမ်သုံးကြိမ်သွားဝေတဲ့ ကူညီထောက်ပံ့မှု အကြိမ်ရေနဲ့ သွားရတဲ့အခါမျိုးမှာ နှစ်ကြိမ်သွားဝေရတဲ့အခါမျိုးမှာ တစ်ကြိမ်လောက်ပဲဖြစ်လာတယ်။ပြီးတော့ဝေးလံတဲ့ ဒေသတွေမှာ ကူညီထောက်ပံ့မှု ပေးမယ်ဆိုရင် လမ်းခရီးစက်သုံးဆီပြတ်လပ်မှု လမ်းမှာစက်သုံးဆီဝယ်ရတဲ့ အခက်အခဲတွေကြောင့် မသွားလာရတဲ့ အခက်အခဲမျိုးတွေ စတဲ့ အခက်အခဲတွေကြုံလာရတာမျိုးတွေရှိလာတယ်။
DW ။ စက်သုံးဆီဂယက်ကြောင့် အထွေထွေကုန်စည်တွေ ဈေးထပ်တက်သွားတော့ စစ်ရှောင်တွေအတွက် ရိက္ခာပစ္စည်းတွေဝယ်ယူရာမှာရော ကွာခြားမှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ ။ စက်သုံးဆီစျေးတက်လာပြီး ဘယ်လောက်မှမကြာဘူး။ တစ်ပတ်အတွင်း ရက်ပိုင်းအတွင်းမှာပဲ အချို့ဒေသတွေမှာ ဆန်စျေးတွေပြောင်းလဲသွားတာတွေရှိတယ်။ဆီစျေးတောင်မှ ရက်ချင်းပြောင်းလဲသွားတာဖြစ်တယ်။ သတင်းကြားပြီး တာနဲ့ နောက်ရက်လောက်ပြောင်းလဲသွားတာတွေရှိတယ်။ ဆန်စျေးတွေလည်း အလားတူပဲ။ အချို့ဒေသတွေမှာဆိုရင် (ကျပ်)တစ်သိန်းကနေ တစ်သိန်းနှစ်သောင်းချက်ချင်း ထိုးတက်သွားတာတွေရှိတယ်။အဲလိုထိုးတက်သွားတော့ ကူညီထောက်ပံ့ပေးနေတဲ့အဖွဲ့တွေမှာက ဘာတွေဖြစ်လဲဆိုတော့ ပုံမှန် (ဆန်) ၅ အိတ်ဝယ်ရနေရာမှာ အခုဆို ၄ အိတ်လောက်ပဲကျန်တာပေါ့နား(နော်) ။၆အိတ်လောက်ဝယ်ရနေရာမှာ ၅အိတ်လောက်ပဲကျန်တယ်။ တစ်အိတ်လောက်အထိ လျော့သွားတဲ့အတွက်ကြောင့် ကူညီထောက်ပံ့မှုနေရာဆိုလည်းပဲ လူအယောက် ၅၀မှာ ၅ယောက်စာလောက်က အလိုအလျောက်စျေးကွာခြားမှုကြောင့် ၅ယောက်လောက်က စစ်ရှောင်တွေက မရတော့တဲ့အနေအထားမျိုး စတဲ့ဟာမျိုးရှိလာတယ်။အချို့အခြေခံလူတန်းစားတွေရော ထိခိုက်မှုရှိသလို တောထဲတောင်ထဲရောက်နေတဲ့ စစ်ရှောင်တွေမှာလည်း စျေးတက်လာတာကြောင့် ပစ္စည်းတွေဝယ်ဖို့ မတတ်နိုင်တဲ့ အနေအထားမျိုးတွေရှိလာတာကြောင့် အိမ်ထောင်စုတွေအလိုက်မှာ လျော့စားရတဲ့ဟာမျိုးတွေလည်း ရှိကောင်းရှိလာနိုင်တယ်။
DW ။ စက်သုံးဆီဂယက်ကြောင့် အိုးမကွာအိမ်မကွာနေရတဲ့ သာမန်ပြည်သူတွေတောင် အခက်အခဲအများ ကြီးကြုံနေရချိန်မှာ စစ်ရှောင်တွေကရော ဘယ်လိုတွေ ကြုံနေရလဲ။
ဖြေ ။ အိုးအိမ်ကမထွက်ခွာဘဲ ကိုယ့်အိမ်မှာကိုယ်နေတဲ့လူတောင်မှ စက်သုံးဆီရှားပါးပြီးစျေးတက်လာတော့ စျေးသွားချင်တဲ့လူလည်း မသွားရ။ဆေးရုံသွားချင်တဲ့လူလည်း မသွားရစတဲ့ အခက်အခဲမျိုးတွေကြုံလာရတော့ တောထဲတောင်ထဲမှာ ရှောင်နေတဲ့ စစ်ရှောင်တွေဆိုရင် ရုတ်တရက် ဖျားနာသွားမယ်ဆိုရင် ဆီမရှိဘူး။ ဆီစျေးတက်လာတာမျိုးတွေဆိုရင် သူတို့မှာ သွားမနိုင်ဘူး။အရေးပေါ်ရွှေ့ပြောင်းရတဲ့အခါမျိုးဆိုရင် ဒုက္ခရောက်ကြတာပေါ့နော်။ဆီမရှိတဲ့အခါမျိုးကျတော့ ရွှေ့ပြောင်းလို့မရဘူးပေါ့နော့။ပုံမှန်ကားနဲ့သွားရတဲ့ ပစ္စည်းတွေတိုက်(သယ်)ရမယ့် အနေအထားမျိုးဆိုရင် မရွှေ့နိုင် မပြောင်းနိုင်စတဲ့ ဟာမျိူးတွေ ကြုံလာရတယ်။ စစ်ရှောင်နေစဥ်အတွင်းမှာပေါ့။
DW ။ ရေရှည်မှာ စက်သုံးဆီပြတ်လပ်ဈေးတက်နေမယ်ဆိုရင် စစ်ရှောင်တွေ ဘယ်လိုစိန်ခေါ်မှုတွေကို ပိုပြီးရင်ဆိုင်လာရနိုင်လဲ။
ဖြေ ။ သူတို့ရွှေ့ပြောင်းသင့်တဲ့အခါမျိုးမှာ ထပ်ပြီးရွှေ့ပြောင်းဖို့ မရတဲ့အခါကျရင် တစ်နေရာတည်းမှာပဲ အခြေချ နေထိုင်ရတဲ့ဟာမျိူးတွေကြုံလာရနိုင်တာရှိတယ်။ အရေးပေါ်ရွှေ့ပြောင်းမှုတွေ မလုပ်နိုင်တဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ကျန်းမာရေး ဆိုးဝါးနေတဲ့အချိန်မှာ မရွှေ့ပြောင်းနိုင်တာ။ နောက်ပြီးတော့ ရုတ်တရက်စစ်ကြောင်းထိုးလာချိန်မှာလည်း ရွှေ့မပြောင်းနိုင်တဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ဖမ်းမိတာမျိုးတွေ၊ ဖမ်းဆီးခံရတာမျိုးတွေ အသတ်ခံရတာမျိုးတွေ ကြုံရနိုင်သလို ကျန်းမာရေးအခြေအနေ ဆိုးဝါးတာကြောင့် သေဆုံးသွားတဲ့ဖြစ်စဥ်မျိုးတွေ စတဲ့ဟာမျိုးတွေ ကြုံရနိုင်တယ်။
နောက်တစ်ခုက စစ်ရှောင်တွေဆိုရင် တောထဲ၊တောင်ထဲမှာပဲ နေကြတယ်။ ပုံမှန်ဆိုရင် ကျွန်တော်တို့က ဒီရိက္ခာလိုအပ်တဲ့အခါမှာ တစ်ပတ်တစ်ကြိမ် ထွက်ဝယ်ကြတယ်။ စက်သုံးဆီပြတ်လပ်မှုကြောင့် ရိက္ခာတွေမဝယ်နိုင်တဲ့ အနေအထားမျိုးတွေ ကြုံရနိုင်တယ်။အဲလိုမျိုး အနေအထားဖြစ်တာကြောင့် ရိက္ခာပြတ်လပ်မှုတွေ ရှိလာနိုင်တယ်။ရိက္ခာအချိန်မီမရောက်တော့ စစ်ရှောင်ကူညီပေးနေတဲ့အဖွဲ့တွေကလည်း ရိက္ခာထောက်ပံ့ပေးမှုကို အချိန်မီလုပ်ပေးမနိုင်တဲ့အတွက်ကြောင့် သူတို့လျော့စားတဲ့ဟာမျိုးကြောင့် ကျန်းမာရေး ထိခိုက်တဲ့ဟာမျိုးတွေ အာဟာရချို့တဲ့တာမျိုးတွေ စစ်ရှောင်တွေထဲ ကြုံလာရနိုင်တယ်။ ခုနက စက်သုံးဆီပြတ်လပ် မှုကြောင့် ရိက္ခာတွေမဝယ်နိုင်တဲ့ အနေအထားမျိုးတွေ ကြုံရနိုင်တယ်။ အဲလိုမျိုး အနေအထားတွေကြောင့် ရိက္ခာပြတ်လပ်မှုတွေရှိလာနိုင်တယ်။
DW ။ စစ်ရှောင်နေရတဲ့ပြည်သူတွေကရော စက်သုံးဆီရှားပါးလာတဲ့အခြေအနေမှာ ဘာတွေကြိုတင်ပြင်ဆင်သင့်လဲ။
ဖြေ ။ စစ်ဘေးရှောင်တွေက ရိက္ခာတွေကြိုတင်စုဆောင်းထားဖို့လိုတယ်။ပြီးတော့ ဆေးဝါးအပါအဝင် မိမိရှောင်တဲ့ ဒေသတွေကို သွားနိုင်ဖို့အတွက် လမ်းကြောင်းတွေကိုလည်း ကြိုပြီးပြင်ဆင်ထားသင့်တယ်လို့ ထင်တယ်။
“အသားဝယ်စားနေရာကနေ အခုဆိုရင် ငါးလောက်ပဲဖြစ်သလို စားနေရတဲ့ အနေအထားဖြစ်လာတယ်”
တနင်္သာရီမြို့နယ် ရမ်းဖိုရွာက စစ်ဘေးရှောင်အမျိုးသားတစ်ဦး
DW ။ စက်သုံးဆီရှားပါးပြီး စျေးတက်လာတော့ စစ်ရှောင်နေတဲ့သူတွေ ဘယ်လိုအခက်ခဲတွေ ကြုံနေရလဲ။
ဖြေ ။ စက်သုံးဆီရှားပါးတော့ ဝယ်ယူမရဖြစ်နေတော့ ကျွန်တော်တို့ ဥယျာဥ်ခြံမြေသမားဆိုတော့ မခုတ်ရတော့ဘူး။သူက ဓာတ်ဆီတွေနဲ့ပဲ စက်တွေခုတ်တယ်ဆိုတော့ စစ်ရှောင်တွေက ဥယျာဥ်သမားတွေကို မှီခိုပြီးနေရတော့ ဥယျာဥ်သမားတွေ ဓာတ်ဆီမရှိတော့ တောမခုတ်တော့ အခက်အခဲ တစ်ခုကြုံရပေါ့။
DW ။ စက်သုံးဆီကြောင့် အရင်အခြေအနေနဲ့ ဘယ်လိုတွေ ကွာခြားသွားလဲ။
ဖြေ ။ အချို့ဆို ဆိုင်ကယ်နဲ့ပဲ ကုန်တွေတိုက်နေရတာဆိုတော့ ဆီမရှိတော့ ဆိုင်ကယ်တွေနဲ့ မတိုက်ရတော့ ဒီမှာက ငွေရေးကြေးရေး အခက်အခဲဖြစ်တယ်။အချိန်မီပို့ရတဲ့ကုန်တွေ အချိန်မီမပို့နိုင်ဖြစ်နေတယ်။
DW ။ စက်သုံးဆီကြောင့် ကုန်စျေးနှုန်းတွေ စျေးတက်လာတော့ စစ်ရှောင်တွေအနေနဲ့ ကွာခြားမှုဘယ်လိုဖြစ်သွားလဲ။
ဖြေ ။ ကုန်စျေးနှုန်းကလည်း အခုဆီပြတ်လပ်မှ ထပ်တက်လာတယ်ဆိုတော့ ဒီမှာလည်းတစ်ခါ ကျပ်တည်းမှုနဲ့ ရင်ဆိုင်နေရတာပေါ့။အရင်က အသားဝယ်စားနေရာကနေ အခုဆိုရင် ငါးလောက်ပဲဖြစ်သလို စားနေရတဲ့ အနေအထားဖြစ်လာတယ်။
DW ။ စက်သုံးဆီက အခုလက်ရှိအနေအထားမှာရော စစ်ရှောင်တွေအနေနဲ့ ဘယ်လိုဝယ်နေရလဲ။ စျေးကဘယ်လောက်ကွာဟမှု ရှိသွားလဲ။
ဖြေ ။ စက်သုံးဆီက အခုလက်ရှိ(ကျပ်)တစ်သောင်းစျေးနဲ့ဝယ်ယူနေရတယ် တောတောင်ထဲမှာဆိုတော့။ ကားလမ်းဘေးမှာဆိုတော့ ခြောက်ထောင်၊ ရှစ်ထောင် ရောင်းချနေရပေါ့။
DW ။ ရေရှည်မှာရော စက်သုံးဆီပြတ်နေရင် ဘယ်လိုစိန်ခေါ်မှုတွေ ဖြစ်သွားနိုင်လဲ။
ဖြေ ။ ရေရှည်စက်သုံးဆီပြတ်လပ်နေမယ်ဆို စားဝတ်နေရေး ဒီထက်မက ပိုပြီးကျပ်တည်းလာနိုင်တယ်။အခုလက်ရှိ လာမယ့်မိုးရာသီမှာ အလုပ်လုပ်ရမယ့်အချိန်မှာ အလုပ်မရတော့ စားဝတ်နေရေးအတွက် ခက်ခဲမှုတစ်ခုဖြစ်လာမယ်။
DW ။ စစ်ရှောင်တွေအနေနဲ့ စက်သုံးဆီရှားပါးလာတဲ့ အခြေအနေမှာ ဘာတွေပြင်ဆင်ထားသင့်လဲ။
ဖြေ ။ စက်သုံးဆီရှားပါးပြီး ပြင်ဆင်ရမယ့်ဟာက ပြင်ဆင်ထားတာတော့ ဘာမရှိဘူးပေါ့။ဒီလိုပဲ အခြေအနေ အချိန်အခါ အပေါ် မူတည်ပြီးတော့ ဖြစ်လာမယ့်အနေအထားကို ရင်ဆိုင်ပြီးရင် ရှေ့ဆက်ရမယ့် အနေအထားရောက် နေတယ်။
DW ။ စက်သုံးဆီနဲ့ပတ်သက်ပြီး ဘာတွေဖြည့်စွက်ပြောချင်လဲ။
ဖြေ ။ စက်သုံးဆီနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောရမယ်ဆိုရင် ဒီကောင်တွေက တမင်သက်သက်ကို ပြည်သူတွေကို လှည့်စားနေတဲ့ သဘောမျိုး ဒုက္ခပေးနေသဘောမျိုးလို့ ယူဆလို့ရတယ်။ဆီတွေက တကယ်လက်ရှိ အခုဆီပြတ်နေတယ်ပြောပြီး မြို့ပေါ် မြိတ်မြို့ပေါ့။ တနင်္သာရီမြို့နယ်ဘက်ကို လာနေတဲ့ဟာတွေက မြိတ်မြို့ကလာနေတယ်။မြိတ်မြို့မှာက အခုလက်ရှိ ယခင်ကတည်းက ရှိနေတဲ့ ဆီတွေကို မရောင်းချဘဲနဲ့ တစ်ရက်နှစ်ရက်နေလိုက်တယ်ဆိုရင် လူတွေက ဆီပြတ်သွားတယ်။လူတွေက ဆီတွေကို ကြိုပြီးဝယ်သိုထားတဲ့ အနေအထားမှ မဟုတ်ဘဲ။ ပြောမယ်ဆို တစ်ရက်လိုမှ တစ်ရက်ဝယ်နေကျဆိုတော့ ဒီကောင်တွေက ဒီအပေါ်မှာ အခွင့်ကောင်းယူပြီးရင် ဆီကိုပြတ်ပြီဆိုပြီး ခဏဖြတ်လိုက်ပြီးရင် စျေးကြီးတင်ရောင်းတာပေါ့။အဲဒါ ပြောရမယ်ဆို ကုန်စျေးနှုန်းကို မြင့်တက်အောင်လုပ်နေတဲ့ ငွေရှင်ကြေးရှင် ကြီးပြား(ငွေကြေး)ရှိတဲ့ ခရိုနီတွေပဲ လုပ်စားနေတဲ့ သဘောလို့ပြောချင်တယ်။







