ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်တွင် နောက်ဆက်တွဲ ငလျင်ကြောင့် အဆောက်အအုံအချို့ရှိ ပြည်သူများ ထပ်မံထွက်ပြေး

March 31, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယနေ့ ၉ နာရီခွဲအချိန်ခန့်က နောက်ဆက်တွဲ ငလျင်အသေးစား လှုပ်ခတ်မှုခံစားရသဖြင့် အဆောက်အအုံတချို့ရှိ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံအတွင်း လှုပ်ခတ်နေသော နောက်ဆက်တွဲငလျင်ငယ်များကြောင့် ဘန်ကောက်မြို့တွင် တုန်ခါမှုကို ခံစားရခြင်းဖြစ်သည်ဟု ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

တုန်ခါမှုကြောင့် အသံမြည်လာပြီး အက်ကွဲရာများ ရှိလာသဖြင့် Government Complex Buliding A အတွင်းရှိ အစိုးရဝန်ထမ်းများနှင့် ပြည်သူများ အပြင်သို့ အမြန်ထွက်ပြေးခဲ့ရကြောင်း‌ ဖော်ပြသည်။

ဘန်ကောက်မြို့ထဲက မှုခင်းတရားရုံးတွင် ရွေးကောက်ပွဲကိစ္စနှင့်ပက်သက်၍ တရားစီရင်ချက်ချနေချိန် လှုပ်ခတ်မှုကြောင့် သတိပေးသံမြည်လာသဖြင့် ပြည်သူများ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ဒင်းဒယ်ဒေသရှိ အလုပ်သမားရုံးထဲကလည်း တုန်ခါမှုကို ခံစားရသဖြင့် ဝန်ထမ်းများကို အိမ်ပြန်စေခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

လက်ရှိတွင် အပျက်အစီးများနှင့် အက်ကွဲရာများ ရှိနေသော အစိုးရရုံးအချို့ကိုလည်း စစ်ဆေးနိုင်ရန် ယာယီပိတ်ထားကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်က နောက်ဆက်တွဲငလျင်နှင့် ပတ်သက်၍ အစိုးရထုတ်ပြန်ချက်ကို စောင့်ရန်နှင့် ပြည်သူများ ရုန်းရင်းဆန်ခတ်မဖြစ်ကြရန် ညွှန်ကြားထားသည်။

Ref: Thai Enquirer, Khaosod English, The Nation Thailand, Thai PBS