BREAKING
May 1, 2025

မြန်မာငလျင်အတွက် ယွမ်သန်းတစ်ရာတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ တရုတ်စပို့

March 31, 2025

ငလျင်ဒဏ်အကြီးအကျယ်ခံစားနေရသည့် မြန်မာပြည်သူများအတွက် တရုတ်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (CIDCA)က ယွမ်သန်းတစ်ရာတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ စတင်ပို့ဆောင်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ယွမ်သန်း ၁၀၀ ပံ့ပိုးရန် ဆုံးဖြတ်ခဲ့ပြီး ပထမအသုတ်အဖြစ် ရွက်ဖျင်တဲ၊ စောင်နှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာပစ္စည်းများကို (ယနေ့) မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်သို့ စတင်ပို့ဆောင်လိုက်ကြောင်း သံရုံးထုတ်ပြန်ချက်တွင်ဖော်ပြသည်၊။

ပထမဆုံးအသုတ် ကူညီရေးပစ္စည်းများအဖြစ် ရွက်ဖျင်တဲ ၁၂၀၀ လုံး၊ ခြုံစောင် ၈,၀၀၀၊ အရေးပေါ်ကယ်ဆယ်ရေးအိတ် ၄ သောင်းကျော်ကို စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

ထို့အပြင် သောက်သုံးရေနှင့် စားသောက်ကုန် စသည့် အရေးပေါ်လိုအပ်သည့်ပစ္စည်းများကိုလည်း မကြာမီရက်ပိုင်းအတွင်း ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

မတ်လ ၂၉ ရက်နေ့ကလည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦးပါ အဖွဲ့ရောက်ရှိလာပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။