ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်ဒဏ် တိတ်တိတ်ကြိတ်ခံနေရတဲ့ တောင်ဘက်စွန်းဒေသ

January 31, 2026

အပြင်ပန်းအားဖြင့် ကြည့်ရှုလျှင် တိုက်ပွဲများ မရှိသောကြောင့် အေးချမ်းနေသည်ဟု ထင်မှတ်ရသော်လည်း ကော့သောင်းမြို့သည် လူငယ်များအတွက် လူမသိ၊ သူမသိ အဓမ္မစစ်မှုထမ်း စုဆောင်းခံနေရသော မြို့တစ်မြို့ ဖြစ်နေသည်။

စစ်ကော်မရှင်က လူငယ်များကို ဖမ်းဆီးရန် နည်းလမ်းအသွယ်သွယ်ကို အသုံးပြုလျက်ရှိသည်။ ညဘက်တွင် ဧည့်စာရင်းစစ်ဆေးသည်ဟူသော အကြောင်းပြချက်ဖြင့် နေအိမ်များသို့ ဝင်ရောက်ကြည့်ရှု၍ မည်သည့်အိမ်တွင် လူငယ်မည်မျှ ရှိသည်ကို မှတ်သားသွားလေ့ရှိသည်။ ထို့နောက် ၃ ရက်၊ ၄ ရက်ခန့် ကြာသောအခါမှသာ အဆိုပါနေအိမ်သို့ တိုက်ရိုက်လာရောက် ဖမ်းဆီးခြင်းမျိုးကို ကြုံတွေ့နေကြရသည်။

နယ်ဝေးမှ ကော့သောင်းမြို့သို့ လာရောက်သော လူငယ်များနှင့် လေယာဉ်ကွင်းတွင် လမ်းကြောင်းရှင်းခ မပေးနိုင်သူအချို့လည်း ဖမ်းဆီးခြင်း ခံနေရသည်။ ထို့ပြင် ငါးဖမ်းလှေပြင်ဆင်သည့် လုပ်ငန်းခွင်များနှင့် ကျောက်မိုင်းလုပ်သားများကိုလည်း ဝင်ရောက်ဖမ်းဆီးလေ့ရှိသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခြင်း ခံရသည့် မြန်မာနိုင်ငံသားများသည်လည်း စစ်အုပ်စု၏ စစ်မှုထမ်းပိုက်ကွန်အတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားကြသည်။

ယင်းစနစ်ဆိုးအတွင်း ငွေကြေးသည် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်နေသည်။ ဖမ်းဆီးခံရသော လူငယ်တစ်ဦးကို ပြန်လည်ထုတ်ယူလိုပါက ကျပ်သိန်း ၇၀ မှ ၂၀၀ အထိ၊ သို့မဟုတ် ထိုင်းဘတ်ငွေ နှစ်သောင်းမှ လေးသောင်းအထိ အပေးအယူပြုလုပ်၍ ရွေးထုတ်နေရသည်။ မြို့ခံများသည်လည်း စစ်မှုထမ်းစရိတ်အဖြစ် ငွေကြေးကောက်ခံမှုများကို ကြုံတွေ့နေရဆဲ ဖြစ်သည်။

သို့သော် ကော့သောင်းဒေသသည် ထားဝယ်၊ မြိတ်မြို့တို့နှင့် နှိုင်းယှဉ်လျှင် သတင်းအချက်အလက် စီးဆင်းမှု နည်းပါးသည်ကို တွေ့ရသည်။ စစ်ကော်မရှင်က မြို့ကို အပြည့်အဝ ထိန်းချုပ်၍ အကြောက်တရား ရိုက်သွင်းထားသောကြောင့် မည်သူမျှ မပြောရဲ၊ မဆိုရဲဘဲ အပူလုံးကြီးကို မျိုသိပ်ထားကြရခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူအချို့သည် တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံလာခြင်းများ ရှိနေသည်။ အပြင်ပန်းအားဖြင့် အေးချမ်းနေသယောင် ထင်မှတ်ရသော်လည်း အဓမ္မစစ်မှုထမ်း စုဆောင်းသည့်ဒဏ်ကို အလူးအလဲ ခံစားနေရသော ကော့သောင်းမြို့ခံများ၏ အခြေအနေကို သိရှိစေရန် ယခု တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ရပါသည်။

“အားလုံး ကြိတ်မှိတ်ခံနေကြရတာ”

(ကော့သောင်းမြို့ခံ အမျိုးသမီးတစ်ဦး)

DW ။ ကော့သောင်းမြို့မှာ စစ်မှုထမ်း အဓမ္မစုဆောင်းခံရတာတွေ ရှိလား။ ဘယ်လိုကြုံနေရလဲ။

ဖြေ ။ စစ်မှုထမ်း စုဆောင်းခံရတာပေါ့။ ညဘက်အပြင်ထွက်တဲ့ လူငယ်တွေကို ဖမ်းပြီး စစ်မှုထမ်း ပို့လိုက်ကြတာ။ ပြီးလို့ရှိရင် အိမ်တွေကိုလည်း ဝင်စစ်ပြီး ဖမ်းတာရှိတယ်။ သူတို့က ဘယ်လိုလုပ်သလဲဆိုရင် ညဘက် ဧည့်စာရင်းစစ်တယ်ဆိုပြီး အိမ်တွေကို ဝင်စစ်တယ်။ ပြီးရင် အဲဒီအိမ်မှာ ဘယ်သူတွေနေတယ်၊ လူငယ်ဘယ်လောက်ရှိတယ်ဆိုတာ မှတ်သွားပြီးမှ နောက်သုံးလေးရက်ကြာရင် အဲဒီအိမ်မှာ ဝင်ဖမ်းသွားတာပဲ။ ဟိုးလေးငါးဆယ်ရက်လောက်ကတောင် ကျွန်မအသိအိမ်က ကလေးတစ်ယောက် ပါသွားသေးတယ်။

DW ။ ထိုင်းနိုင်ငံထဲ အလုပ်သွားလုပ်ဖို့ဆိုပြီး ကော့သောင်းကို လာတဲ့သူတွေလည်း စစ်မှုထမ်း စုဆောင်းခံရတာတွေ ရှိတယ်ကြားတယ်။ အဲဒါမျိုးရော တကယ်ရှိလား။

ဖြေ ။ ကော့သောင်းကို လာရင် ကုန်းလမ်းကနေလာရင်တော့ ကော့သောင်းမှာ တည်းနေတဲ့အချိန် ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းသွားတာတွေ ရှိတယ်။ လေယာဉ်နဲ့လာတဲ့သူတွေလည်း လမ်းကြောင်းရှင်းခ မပေးဘဲလာတဲ့သူတွေဆိုရင် အဲဒီမှာပဲ တစ်ခါတည်း ဖမ်းသွားတာတွေ ရှိတယ်။ များသောအားဖြင့်တော့ လမ်းကြောင်းရှင်းခ ပေးရတယ်ဆိုတာ မသိဘဲနဲ့လာတဲ့ အထက်ဘက်ကလူတွေ ဆွဲခံရတာ များတယ်။ ပြီးလို့ရှိရင် လှေထောင့် (ငါးဖမ်းလှေ ဆောက်လုပ်၊ ပြုပြင်ရေးလုပ်ငန်းခွင်) တွေမှာ ဝင်ဖမ်းတာတွေ ရှိတယ်။ မိသားစုမရှိဘဲ တစ်ယောက်တည်း အခန်းငှားနေတဲ့သူမျိုးဆို အရမ်းအန္တရာယ်များတယ်။ အဲဒီလိုလူမျိုးတွေကိုပဲ ဆွဲကြတာ များတယ်။ မိသားစုနဲ့နေတဲ့သူတွေကတော့ နည်းနည်း တော်သေးတယ်။

DW ။ စစ်မှုထမ်းကြေးဆိုပြီး ပေးရတာတွေရော ရှိသေးလား။

ဖြေ ။ ပေးရတယ်။ လတိုင်း ပေးရတာတော့ မဟုတ်ဘူး။ ကျွန်မတို့ ရပ်ကွက်မှာဆို ဟိုးတလော လေးငါးလလောက်က တစ်ခါ တစ်အိမ်ကို ကျပ် ၆၀၀၀၀ စစ်မှုထမ်းကြေးကောက်လို့ ထည့်ရသေးတယ်။ အခုလလည်း တစ်အိမ်ကို ကျပ် ၄၀၀၀၀ ထည့်ရသေးတယ်။ အိမ်ပိုင်ရှိတဲ့သူတွေဆိုရင် အပြည့်ထည့်ရတယ်။ အခန်းငှားနေတဲ့သူဆို တစ်ဝက်ထည့်ရတယ်။ စစ်မှုထမ်းရမယ့်သူ ရှိရှိ၊ မရှိရှိ အကုန်ထည့်ရတယ်။ စစ်မှုထမ်း အဖမ်းခံရတဲ့သူတွေဆိုရင်တော့ ပိုက်ဆံတွေနဲ့ အသည်းအသန် လိုက်ထုတ်နေရတယ်။ သူတို့လက်ထဲ ရောက်သွားပြီဆိုရင် ကျပ်သိန်းတစ်ရာ၊ နှစ်ရာ အဲဒီလို တောင်းတာ၊ အနည်းဆုံးက ကျပ်သိန်း ၇၀၊ ၈၀ ပဲ။

DW ။ ကော့သောင်းမှာ စစ်မှုထမ်း အဖမ်းခံရတဲ့အကြောင်း သတင်းဌာနတွေမှာလည်း မဖတ်ရတော့ ကော့သောင်းမြို့က အရမ်းအေးချမ်းတယ်ဆိုပြီး တချို့က ပြောကြတာရှိတယ်။ အဲဒီအပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ ကျွန်မတို့လည်း လိုင်းပေါ်မှာ (ဆိုရှယ်မီဒီယာပေါ်မှာ) လူတွေက ကော့သောင်းဆိုရင် အရမ်းအေးချမ်းနေတယ်ဆိုပြီး ပြောကြတယ်။ တကယ်တော့ ကျွန်မတို့ မြို့မှာက တိုက်ပွဲတွေမရှိတော့ ပြေးရ၊ လွှားရတာမျိုး မရှိတာတစ်ခုပဲ။ သတင်းတွေမှာလည်း စစ်မှုထမ်း စုဆောင်းခံရတာတွေ မပါဘူးဆိုတာက ကော့သောင်းမှာက ဒီအကြောင်းကို ပြောဖို့ ဆိုဖို့ မရဲကြတာလည်း ပါတယ်။ အားလုံး ကြိတ်မှိတ်ခံနေကြရတာ။ ဘယ်သူမှ ဒီအကြောင်းကို မပြောရဲကြဘူး။ ပြောရမယ်ဆိုရင် ကော့သောင်းမှာက သူတို့ (စစ်အုပ်စုက) လိုသလို လုပ်လို့ရနေတာကိုး။ ဒီမှာက တစ်ခုပဲ ခုနကပြောသလို တိုက်ပွဲတွေဘာတွေ မရှိတော့ ပြေးရတာတွေ မရှိဘူး။ အဲဒီတစ်ခုပဲ။

DW ။ ရှမ်းကိုးရွာဘက်မှာရော စစ်မှုထမ်း စုဆောင်းခံရတာတွေ ကြားရလား။

ဖြေ ။ အဲဒီဘက်မှာက စစ်မှုထမ်း စုဆောင်းခံရတာတွေ သိပ်မကြားရဘူး။ ကျွန်မက အဲဒီဘက်က အကြောင်းတွေ သိပ်မသိလို့လည်း ဖြစ်မယ်။ အဲဒီဘက်မှာက တိုက်ပွဲတွေ ခဏခဏ ဖြစ်တယ်။ ပြီးရင် ဒလန်ဆိုပြီး ပစ်သတ်တာတွေလည်း ခဏခဏပဲ။

DW ။ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိသေးလဲ။

ဖြေ ။ ကော့သောင်းမှာ လာနေမယ်ဆိုရင် ပြေးရ၊ လွှားရတာတော့ သက်သာမယ်။ စစ်မှုထမ်းကတော့ လွတ်မှာ မဟုတ်ဘူး။ မိသားစုအလိုက် လာနေမယ်ဆိုရင်တော့ နည်းနည်း အဆင်ပြေတယ်။ လူငယ်ပိုင်းထဲက တစ်ယောက်တည်း လာနေမယ်ဆိုရင်တော့ အန္တရာယ် အရမ်းများတယ်။ ကော့သောင်းကို လာမယ်ဆိုရင် ကြိုပြီးတော့ စုံစမ်းမေးမြန်းပြီးမှ လာကြပါလို့ ပြောချင်တယ်။

“ကိုယ့်အိမ်အတွင်းမှာ အထဲကနေ တံခါးဂျက်ထိုးပြီး နေရင်တောင်မှ လုံခြုံတယ်လို့ ပြောလို့မရတဲ့ အနေအထားတစ်ခု….”

ကိုကျားကြီး (ပြန်ကြားရေးတာဝန်ရှိသူ၊ ကော့သောင်းခရိုင် PDF)

DW ။ ကော့သောင်းမြို့ပေါ်မှာ စစ်မှုထမ်း စုဆောင်းခံနေရတဲ့ အခြေအနေက ဘယ်လိုရှိလဲဗျ။

ဖြေ ။ ကော့သောင်းမြို့ပေါ်မှာ စစ်မှုထမ်း စုဆောင်းတဲ့ပုံစံက နှစ်မျိုးရှိတာပေါ့နော်။ ကော့သောင်းမြို့ပေါ်ဆိုတာထက် ကော့သောင်းဒေသမှာပေါ့ နှစ်မျိုးရှိတယ်။ ပထမတစ်မျိုးက ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီးတော့ လွှတ်လိုက်တဲ့အထဲကနေပြီးတော့ စစ်မှုထမ်း အကျုံးဝင်တဲ့သူတွေကို စစ်မှုထမ်းအဖြစ် ဆွဲခေါ်တာက တစ်မျိုး။ ပြီးရင် မြို့ပေါ်မှာ ညဘက်ထွက်တဲ့ ကလေးတွေ လိုက်ပြီးတော့ မှောင်ရိပ်ခိုမှုနဲ့ အကြောင်းအမျိုးမျိုးပြ ပုဒ်မအမျိုးမျိုးတပ်ပြီး ဆွဲခေါ်ပြီး စစ်မှုထမ်းအထဲ ထည့်တာက တစ်မျိုး။ အဲဒီလို နှစ်မျိုးရှိတယ်ပေါ့နော်။

DW ။ ခမောက်ကြီးမြို့တို့ ဘုတ်ပြင်းမြို့တို့ဘက်မှာရော ဘယ်လို စုဆောင်းနေလဲ။

ဖြေ ။ ဘုတ်ပြင်းဘက်မှာလည်း (စစ်မှုထမ်း စုဆောင်းခံရတာ) ရှိတယ်။ ခမောက်ကြီးဘက်မှာတော့ ဆိုးဆိုးဝါးဝါး မရှိဘူး။ ဆိုးဆိုးဝါးဝါး မရှိဘူးဆိုပေမဲ့ တစ်လက်စတည်း ဆက်စပ်အကျုံးဝင်နေလို့ ပြောပြလိုက်မယ်။ ဇန်နဝါရီလ ၂၆ ရက်နေ့ကပေါ့၊ အခု ၂၀၂၆၊ ခမောက်ကြီး မလိဝမ်း ၃၁ မိုင်နားမှာ ခဲမိုင်းတစ်ခုရှိတယ်။ ၃၁ မိုင်ဆိုတာက စစ်တပ်ရဲ့ အနောက်နားမှာပဲ။ အဲဒီမိုင်းက ဘာတွေထွက်လဲဆိုတော့ ခဲသတ္တုထွက်တဲ့ မိုင်းမဟုတ်ဘူး။ ရှေးဟောင်း လက်ဝတ်ရတနာ ထွက်တဲ့နေရာ တစ်နေရာပေါ့။ အဲဒီနေရာမှာ တစ်ပိုင်တစ်နိုင် သံတူရွင်းလေးနဲ့ ပေါက်တူးလေးနဲ့ ကိုယ့်မိသားစု တစ်ဝမ်းတစ်ခါးအတွက် လုပ်ကိုင်နေတဲ့ ပြည်သူ ၈၁ ယောက်ကို ဖမ်းသွားတယ်။ ဖမ်းသွားပြီးတော့ အဲဒီထဲမှာမှ အယောက် ၂၀ ကျော်လောက်ကို (စစ်မှုထမ်းခိုင်းဖို့) ဖမ်းခေါ်သွားတယ်။ ကျန်တဲ့သူတွေတော့ တစ်ယောက် တစ်သိန်းကျပ်နဲ့ ပြန်ရွေးလိုက်ရတယ်။ ပထမက တစ်ယောက်ကို ကျပ်သိန်းသုံးလေးဆယ်တောင် တောင်းတယ်ပြောတယ်။ အဖမ်းခံရတဲ့ ဒေသခံတွေက သူတို့မှာတော့ ဒီလောက်မရှိဘူး၊ အဆင်မပြေဘူးပေါ့နော်။ မနည်း တောင်းတောင်းပန်ပန်နဲ့ ပြန်ညှိလိုက်တော့ တစ်ယောက်ကို (ကျပ်)တစ်သိန်းနဲ့ အဆင်ပြေသွားတယ်။ အဲဒါမျိုးတော့ ကျွန်တော်တို့ သိရတယ်။ အဲဒါမျိုးပဲ ဘယ်နေရာကနေပြီးတော့ပဲ ဘယ်လိုအမှုမျိုးနဲ့ ဖြစ်လာဖြစ်လာ အများသောအားဖြင့် စစ်မှုထမ်းအထဲပဲ ထိုးသွင်းကြတာ များတယ်။

DW ။ ရှမ်းကိုးရွာဘက်ခြမ်းမှာရော ဘယ်လို အခြေအနေရှိလဲ။

ဖြေ ။ ရှမ်းကိုးရွာဘက်မှာကတော့ အစုဆောင်းခံရတာ မရှိဘူး။

DW ။ ထိုင်းရနောင်းဘက်ကနေ အပို့ခံရပြီး စစ်မှုထမ်း စုဆောင်းခံရတာနဲ့ ပတ်သက်ပြီး သိရသလောက် ပြောပြပေးပါ။

ဖြေ ။ ပထမဆုံး ထိုင်းဘက်ခြမ်းမှာ အခုကတော့ ကြားကြမှာပဲ။ ထိုင်းဘက်ခြမ်းမှာကတော့ ပုံစံအမျိုးမျိုးနဲ့ ဖမ်းတယ်။ ဖမ်းတာကတော့ မအလရဲ့ စနက်တွေလည်း မကင်းဘူးပေါ့နော်။ ထိုင်းဘက်ခြမ်းမှာ ဖမ်းရင်တောင်မှ ရဲကဖမ်းရင်လည်း ရဲပေါ့၊ စစ်သားကဖမ်းရင်လည်း စစ်သားပေါ့၊ အစရှိသဖြင့် သူတို့ဖမ်းတဲ့သူတွေက မြန်မာတွေကို ဘာပြောလဲဆိုရင် အစဖမ်းခံရချင်း ညှိမယ်ဆိုရင် ဥပမာ ငါးထောင် (ထိုင်းဘတ်) ဆိုလည်းငါးထောင်၊ တစ်သောင်းဆိုလည်း တစ်သောင်းပေးပေါ့ဗျာ။ ပေးရင် လွှတ်ပေးမယ်၊ မပေးလို့ရှိရင် မြန်မာပြည် ပြန်ပို့မယ်။ မြန်မာပြည် ပြန်ပို့လို့ရှိရင်လည်း ငါတို့ (ထိုင်းရဲ/စစ်သား) တွေ တစ်ယောက်ကို တစ်သောင်းရတယ် ဆိုတဲ့ပုံစံမျိုးတောင်မှ ထိုင်းဘက်က ဖမ်းတဲ့လူတွေက ပြောကြတယ်။ အဲဒီတော့ ထိုင်းမှာ ဘာလို့ဖမ်းလဲဆိုရင် မအလကကိုပဲ ပူးပေါင်းကြံစည်ပြီး ဖမ်းခိုင်းလို့ ဖမ်းနေတဲ့ အနေအထားမျိုးမှာ ရှိတယ်။ ပြီးတော့ အမှုအခြေအနေအပေါ်မှာ မူတည်ပြီးတော့ ထောင်တစ်နှစ်ဆိုလည်း တစ်နှစ်၊ ၄၅ ရက်ဆိုလည်း ၄၅ ရက် ထောင်တွေဘာတွေကျပြီးတော့ လွှတ်မယ့်အချုပ်ကို ရောက်တယ်။ လွှတ်ရုံးပေါ့နော်၊ လွှတ်ရုံးကိုရောက်ရင် အာဏာမသိမ်းခင် အခြေအနေက လွှတ်ရုံးထဲမှာ အချုပ်သား သုံးလေးငါးရာ ကြပ်ပိတ်သိပ်နေအောင်အထိ ထားတယ်။ အချုပ်ထဲမှာ အချုပ်သားထည့်လို့ မလောက်လို့၊ မလောက်တဲ့အခြေအနေမှာ မြန်မာဘက်ခြမ်းက လဝက ကိုသွားပြီးတော့ ဒီမှာဖမ်းထားတဲ့ အချုပ်သားတွေ လွှတ်တော့မယ်၊ လက်ခံပေးပါလို့ သွားပြောတဲ့အချိန်မှာတောင်မှ မြန်မာပြည်ဘက်ခြမ်းက တော်ရုံ လက်မခံချင်ဘူး။ ထိုင်းဘက်ခြမ်းက တောင်းတောင်းပန်ပန် ခခယယနဲ့ လက်ခံပေးပါ သွားတောင်းပန်တာတောင်မှ သူတို့ (မြန်မာဘက်က) က လက်မခံချင် လက်ခံချင်နဲ့ လက်ခံပေးရတဲ့ အနေအထားမျိုး။ ဒါက အာဏာမသိမ်းခင် အခြေအနေ။ အာဏာသိမ်းပြီး စစ်မှုထမ်း ဥပဒေလည်း ထုတ်ပြီးတော့ အဲဒီမှာ လူလေး လေးငါးဆယ်လောက်နဲ့လည်း လာခေါ်သွားတယ်။ လာခေါ်တာက မြန်မာပြည် လဝက လူကိုယ်တိုင် လာပြီးတော့ ထိုင်းဘက်ခြမ်းကို လာတယ်။ သူတို့ လူလိုလာပြီဆိုရင် ကော့သောင်း (လဝက) က ကောင်တွေက ထိုင်းဘက်ခြမ်း လွှတ်အချုပ်မှာ လာကြည့်တယ်။ သူတို့လိုချင်တဲ့ အတိုင်းအတာတစ်ခု၊ လူကလည်း သူတို့လိုချင်တဲ့ အရွယ်အစား (အသက်အပိုင်းအခြား) တွေ စစ်မှုထမ်းနဲ့ အကျုံးဝင်တဲ့ လူတွေရတယ်ဆိုရင် လူလေး လေးငါးဆယ်လောက်နဲ့လည်း လွှတ်ခိုင်းလိုက်တယ်။ လွှတ်ခိုင်းပြီးတော့ ကော့သောင်းဘက်ခြမ်းကနေ စစ်မှုထမ်းထဲ ဖမ်းခေါ်ထားလိုက်တယ်။

DW ။ စစ်မှုထမ်း စုဆောင်းခံရသူတွေထဲက ပြန်ထွက်ပြေး လွတ်မြောက်ပြီး အစ်ကိုတို့ဆီ ခိုလှုံလာတဲ့သူတွေ ရှိလား။ ဘယ်လိုတွေ စီစဉ်ပေးထားလဲ။

ဖြေ ။ စစ်မှုထမ်းထဲကနေပြီးတော့ ပြည်သူ့ရင်ခွင်ကို ခိုလှုံတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီ ခိုလှုံတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်တို့နဲ့ ချိတ်ဆက်ပြီး အခြားတပ်ဖွဲ့တွေမှာ ကျွန်တော်တို့ ချိတ်ဆက်ပေးလိုက်တဲ့ လူတွေလည်း ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ဆီကို ချိတ်ဆက်လာသူတွေကိုတော့ ကျွန်တော်တို့က အဓိက ပြည်သူ့ရင်ခွင် ခိုလှုံလာပြီ၊ ပြည်သူ့ဘက် ရပ်တည်လာပြီဆိုလို့ရှိရင် အဓိက ပြည်သူ့ရင်ခွင်ဌာနကို ကျွန်တော်တို့ အရင်ဆုံး ချိတ်ဆက်ပေးတယ်။ စာရင်းသွင်းပေးတယ်။ ပြီးတော့ ကာယကံရှင် ရဲဘော် (စစ်မှုထမ်း၊ စစ်အာဏာရှင်တပ်သား) တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ ဆန္ဒကို မေးတယ်။ အစ်ကိုတို့၊ ညီတို့အနေနဲ့ ဘယ်လိုပုံစံမျိုး ရှေ့ဆက် ရပ်တည်မလဲ၊ ဘယ်လိုပုံစံနဲ့ သွားမလဲ။ တော်လှန်ရေးထဲကို ပါဝင်ချင်တယ်ဆိုလို့ရှိရင်လည်း လက်ခံတယ်။ တကယ်လို့ တော်လှန်ရေးထဲကို မပါဝင်ချင်တော့ဘူး၊ မပါဝင်နိုင်တော့ဘူး၊ စစ်ကောင်စီ ယန္တရားမှာလည်း အလုပ်မလုပ်နိုင်ဘူး၊ လွတ်ရာလွတ်ကြောင်း အခြားနိုင်ငံ သွားမယ်ဆိုရင်လည်း အနီးစပ်ဆုံးကတော့ ထိုင်းပေါ့နော်။ ထိုင်းဘက်ခြမ်း သွားမယ်ဆိုရင်လည်း ထိုင်းဘက်ခြမ်းကို လမ်းကြောင်းရှာပြီး လွှတ်ပေးတယ်။ သူတို့ရဲ့ သဘောဆန္ဒအတိုင်းပဲ ကျွန်တော်တို့က လုပ်ပေးတယ်။ တော်လှန်ရေးအတွင်းကို ဆက်ပါဝင်ပြီး စစ်ကောင်စီကို ပြန်ခုခံတော်လှန်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ တပ်ဖွဲ့မှာဝင်လို့ ကျွန်တော်တို့ တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်မှ ရမယ်ရယ်လို့ မဟုတ်ဘူး။ မိမိ တာဝန်ထမ်းဆောင်ချင်တဲ့ တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ပိုင်ခွင့် ရှိတယ်။

DW ။ ဘာများ ဖြည့်စွက်ပြောလိုသေးလဲဗျ။

ဖြေ ။ အခုကတော့ မြန်မာပြည် တစ်ပြည်လုံး အတိုင်းအတာနဲ့ ဘယ်နေရာမှ လွတ်လပ်မှုဆိုတာ မရှိဘူးလေနော်။ ကိုယ့်အိမ်အတွင်းမှာ အထဲကနေ တံခါးဂျက်ထိုးပြီး နေရင်တောင်မှ လုံခြုံတယ်လို့ ပြောလို့မရတဲ့ အနေအထားတစ်ခုမှာ စစ်ကောင်စီရဲ့ အာဏာရှင် စနစ်ဆိုးလက်အောက်မှာ နေရတဲ့ ပြည်သူတွေအားလုံး စစ်ကောင်စီနဲ့ ကင်းနိုင်သမျှ ကင်းအောင် အထူးဂရုစိုက်ပြီး နေကြပါလို့ မှာချင်တယ်ပေါ့။ ပြီးတော့ စစ်ကောင်စီက ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးနေကြတယ်။ သူတို့လုပ်ပေးတဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြည်သူလူထု ပျော်ရွှင်အောင်လို့ ဖန်တီးပေးနေတာ မဟုတ်ဘူး။ စစ်ကောင်စီက ခင်းကျင်းတဲ့ ပျော်ပွဲရွှင်ပွဲတွေရဲ့ နောက်မှာ ထောင်ချောက်ပေါင်းများစွာ ပါရှိနေတာကိုလည်း တို့ပြည်သူတွေက လိမ္မာပါးနပ်စွာ သိထားပြီးတော့ မြင်အောင် ကြည့်တတ်ဖို့ လိုတယ်။ ပြည်သူ့စစ်မှုထမ်းနဲ့ ပတ်သက်ပြီးတော့လည်း စစ်ကောင်စီနဲ့ ဝေးနိုင်သမျှ ဝေးအောင် ရှောင်ကြပါ။ တကယ်လို့ မလွှဲသာမရှောင်သာလို့ ကံမကောင်း အကြောင်းမလှလို့ စစ်မှုထမ်းထဲ ပါသွားခဲ့မယ်ဆိုရင်လည်း နီးစပ်ရာ၊ ယုံကြည်ရာ၊ ကိုယ့်ရင်ဘတ်ချင်းတူရာ အစုအဖွဲ့တွေဆီ ဒါက တပ်ရင်း၊ တပ်ဖွဲ့တွေမှ မဟုတ်ဘူး၊ အရပ်ထဲက ပြည်သူတွေဆီလည်း ဆက်သွယ်အကူအညီတောင်းပြီး ရုန်းထွက်နိုင်အောင် ကြိုးစားဖို့ လိုတယ်။ ဒီနေရာမှာ ထပ်ဆင့်ပြောချင်တာက ပြည်သူ့စစ်မှုထမ်းထဲ ပါသွားတယ်၊ ပြည်သူ့ရင်ခွင် ပြန်ခိုလှုံချင်တယ်၊ စစ်ကောင်စီ ယန္တရားမှာ မပါဝင်ချင်ဘူးဆိုရင် ကိုယ်က နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် သော်လည်းကောင်း၊ အပြင်က ရင်ဘတ်ချင်းတူတဲ့ ပြည်သူတွေဆီ သော်လည်းကောင်း ဆက်သွယ်လို့ရတယ် ဆိုပေသော်လည်း ပထမဆုံး ကိုယ်ကိုယ်တိုင် ကြိုးစားမှသာ စစ်ကောင်စီ ယန္တရားလက်ထဲကနေ လွတ်မြောက်အောင် ကိုယ်ကိုယ်တိုင် ကြိုးစားဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင် ကြိုးစားကြပါလို့လည်း ထပ်မံ တိုက်တွန်းလိုပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ကြောက်လို့ ပြေးလာပါတယ်ဆို ဖမ်းပြီးပြန်ပို့တာကတော့ ရန်သူလက်ထဲ ပြန်အပ်သလို ဖြစ်နေတယ်”

ကိုသားကျော် (ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ၊ ထိုင်းနိုင်ငံ ရနောင်းမြို့)

DW ။ လက်ရှိ ရနောင်းထိန်းသိမ်းရေးစခန်းကနေ လွတ်ရက်စေ့လာတဲ့ မြန်မာနိုင်ငံသားတွေကို ကော့သောင်းဘက်ကို လစဉ်ပုံမှန် ပို့နေတာမျိုး တွေ့ရတယ်။ ဒါတွေက တစ်လမှာ ဘယ်နှဦး၊ ဘယ်နှစ်ကြိမ်လောက် ပို့နေသလဲ။ ရနောင်းက အာဏာပိုင်တွေက မြန်မာစစ်တပ်နဲ့ ဘယ်လိုချိတ်ဆက် ပို့ဆောင်ကြလဲ။

ဖြေ ။ တစ်လမှာ အနည်းဆုံးတော့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပို့တယ်။ အခုဆို လကုန်ပိုင်းလောက်၊ လဆန်းပိုင်းလောက်က ပို့နေတာ ဒီလဆို နှစ်ကြိမ်ရှိပြီပေါ့။ တစ်ကြိမ်ပို့ရင်တော့ လူဦးရေ ၁၀၀ ကနေ ၂၀၀ ကြား အများဆုံး ပို့ကြတယ်။ ပို့တဲ့အချိန်မှာ မြန်မာဘက်က ဌာနဆိုင်ရာ လဝကတွေ၊ ဦးစီးမှူးတွေနဲ့ နှစ်ဖက်ပေါ့နော်၊ ထိုင်းဘက်က အပ်တယ်၊ ဟိုဘက်က လက်ခံတယ်။ အဲဒီလို။ ရနောင်းဘက်ကနေဆို အသိသက်သေအဖြစ်နဲ့ သံအရာရှိကနေတစ်ဆင့် ဆိပ်ကမ်းကို ပို့ပေးတယ်။ ဆိပ်ကမ်းမှာ အဖွဲ့အစည်းအစုံနဲ့ လက်မှတ်ထိုး၊ ဓာတ်ပုံရိုက်ပြီးမှ မြန်မာဘက်ကို အပ်ပေးတာပါ။

DW ။ ကော့သောင်းရောက်ရင် စစ်တပ်ဘက်က နေရပ်ပြန်တွေအားလုံးကို ဘယ်လို စစ်ဆေးပြီး လက်ခံကြလဲ။ အဲဒီထဲမှာ စစ်မှုထမ်းအတွက် စုဆောင်းနေကြတယ် ကြားရတယ်။ ဘယ်လိုလူတွေ အဓိက စုဆောင်းခံရလေ့ရှိလဲ။

ဖြေ ။ သတ်မှတ်ထားတဲ့ လူဦးရေ စာရင်းအတိုင်း ရွေးတယ်။ ရွေးပြီးရင် သူတို့ စစ်မှုထမ်းဥပဒေနဲ့ ငြိနေတဲ့သူတွေဆိုရင် စစ်မှုထမ်းထဲ ဝင်ရတယ်။ အသက်ကြီးပိုင်းတွေကျတော့ နည်းနည်းပါးပါး နားလည်မှုနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး ပိုက်ဆံပေးပြီး ထုတ်နေရတယ်။ ကျား၊ မ လည်း ခွဲတယ်ပေါ့နော်။ အမျိုးသားငယ်တွေကျတော့ ပြန်ထုတ်ဖို့ မလွယ်တော့ဘူး။ အမျိုးသမီးငယ်တွေကျတော့ အဲဒီလိုမျိုး အပေးအယူနဲ့ ပြန်ထုတ်လို့ ရတယ်။

DW ။ စစ်မှုထမ်းအတွက် စုဆောင်းခံရတဲ့သူဦးရေ တစ်လဆိုရင် ဘယ်လောက်ရှိနိုင်သလဲ။ သူတို့ကို စုဆောင်းပြီးရင် ဘယ်တပ်ရင်းထဲကို ခေါ်ဆောင်ခံရလဲ။

ဖြေ ။ ခန့်မှန်းခြေဆိုရင် အခု အယောက်တစ်ရာပို့ရင် အနည်းဆုံး ရှစ်ဆယ်လောက် ပါတယ်။ အဲဒီလို တပ်ရင်းတွေတော့ မသိဘူး။ အစကတော့ ၂၆၂ တပ်မှာ ထားတယ်လို့ ပြောတယ်။ အခုနောက်ပိုင်း အဲဒီလိုမျိုး ပိုက်ဆံပေးပြီး ခိုးထုတ်တာတို့ ဘာတို့ များလာလို့ နောက်ပိုင်းကျတော့ ရေလမ်းက ပို့တယ်လို့ ပြောတယ်။ ပို့ခံရတဲ့သူတွေမှာ လွတ်လာတဲ့သူလည်း ရှိတယ်ပေါ့နော်။ အချို့ကလည်း ဆိုင်ရာပိုင်ရာနဲ့ ပိုက်ဆံပေးပြီး ထွက်လာတဲ့သူတွေလည်း ရှိတယ်။ ဒါကြောင့် သူတို့က ဝါလတ်လှေတွေ၊ စစ်လှေတွေနဲ့ ပို့တယ်လို့ ပြောတယ်။ မြိတ်ကိုပေါ့။ မြိတ်ကနေမှ လိုအပ်တာကို ပြန်ခွဲတယ်လို့ ကြားရပါတယ်။

DW ။ အမျိုးသမီးတွေကိုရော စုဆောင်းနေတာမျိုး ကြားရလား။

ဖြေ ။ ပါတယ်။ မိန်းကလေးတွေလည်း ပါတယ်။ မိန်းကလေးတွေကျတော့ အရွယ်ကောင်းလေးတွေ၊ သန်သန်မာမာနဲ့ သူတို့ သတ်မှတ်ထားတဲ့ အရွယ်ရှိတဲ့သူတွေပေါ့။ အဲဒီလိုမျိုး။ ဒါပေမဲ့ နည်းပါတယ်၊ အမျိုးသမီးတွေကတော့။ တောမော (ထိုင်းလဝက) ကနေ ပို့လိုက်တဲ့အခါ အမျိုးသား ၁၀၀ လောက်ဆို အမျိုးသမီး ၁၀ ယောက်၊ ၂၀ လောက်ပဲ ပါတယ်။ အဲဒီ ၁၀ ယောက်၊ ၂၀ ထဲမှာ ၇ ယောက်၊ ၈ ယောက်လောက်က ပါတယ်ပေါ့။ မပါချင်ရင်တော့ ပိုက်ဆံနဲ့ ထုတ်ကြတာပေါ့။ အများကြီး ပေးရတယ်။

DW ။ တကယ်လို့ ကော့သောင်းရောက်လို့ စစ်မှုထမ်း စုဆောင်းခံရရင် ပြန်ထုတ်လို့ ရနိုင်လား။ မိသားစုဝင်တွေက ဘယ်လို ဆောင်ရွက်ကြလေ့ရှိလဲ။

ဖြေ ။ ရပ်ကွက်လူကြီးတွေကို အကြောင်းကြားပြီး ရပ်ကွက်လူကြီးတွေနဲ့ ပိုင်ရာဆိုင်ရာတွေကို လိုက်ပြီး ထုတ်ရတာပဲ။ အဲဒီလို အချို့ကလည်း လွတ်တယ်၊ အချို့ကလည်း မလွတ်ဘူးပေါ့။ ငွေကြေးပိုင်းကတော့ ဘတ်သောင်းဂဏန်းလောက် ရှိတယ်။ ဘတ် ၂၀၀၀၀ ကနေ ၃၀၀၀၀၊ ၄၀၀၀၀ အထိ အဲဒီလိုမျိုးပေါ့။

DW ။ ပြန်ပို့ခံရတဲ့သူတွေကို ကျန်းမာရေးစစ်ပြီး စုဆောင်းတာမျိုး ရှိလား။ နောက်ဆုံးအခြေအနေ သိချင်ပါတယ်။

ဖြေ ။ ဒါမျိုး အတိအကျတော့ ပြောလို့မရဘူး။ ဘယ်လိုပြောရမလဲဆို သူတို့ စစ်သား တအား လိုတယ်ပေါ့နော်။ တအားလိုနေတဲ့ အချိန်မျိုးဆိုရင် သူတို့က ခေါ်တာ များတယ်။ သူတို့က သတ်မှတ်ထားတယ်၊ တစ်လမှာ စစ်မှုထမ်းဦးရေ အယောက် ၁၀၀ လိုတယ်ဆိုရင် အဲဒီ အယောက် ၁၀၀ ပြည့်အောင် ယူတယ်။ အယောက်တစ်ရာ ပြည့်သွားပြီဆိုရင် သူတို့က စစ်တပ်မှာ ထားထားတယ်။ ပြီးရင် ကျန်းမာရေး စစ်ပြီး ဆေးအောင်တာတို့၊ မအောင်တာတို့ အဲဒီလိုမျိုး ပြန်လုပ်ကြတယ်။

DW ။ ဒီလို နေရပ်ပြန် မြန်မာနိုင်ငံသားတွေ စစ်မှုထမ်း စုဆောင်းခံနေရတဲ့အပေါ် ဘယ်လိုပြောချင်လဲ။

ဖြေ ။ ဒါတွေက မလုပ်သင့်တော့ဘူးလေနော်။ ဘာလို့လဲဆိုတော့ မတရား ဇွတ်အတင်း လုပ်ခိုင်းသလို ဖြစ်နေတယ်။ ပြောချင်တဲ့အချက်က နှစ်မျိုးရှိတယ်။ ထိုင်းက ပြန်ပို့နေတယ်ဆိုတော့ ထိုင်းကလည်း မတရားဘူးလို့ မြင်တယ်။ လူ့အခွင့်အရေး ချိုးဖောက်နေတာမှာ ထိုင်းကလည်း ပါနေတယ်။ ဘာလို့လဲဆိုတော့ အချို့မြန်မာတွေက မြန်မာပြည်မှာ နေလို့မရလို့၊ စစ်မှုထမ်းရမှာ စိုးလို့ ပြေးလာတာလေ။ ပြေးလာတဲ့အချိန် အဖမ်းခံရတယ်၊ ဖမ်းခံရပြီး ပြန်ပို့မှတော့လည်း ဒီလို ဖြစ်တာပေါ့။

သဘောက ထိုင်းနိုင်ငံမှာ ဥပဒေကျူးလွန်လို့၊ မူးယစ်ဆေးဝါးနဲ့ မိတာမျိုး၊ လူသတ်မှုနဲ့ မိတာမျိုးနဲ့ ပြန်ပို့ရင် လက်ခံနိုင်တယ်။ ဒါပေမဲ့ မြန်မာပြည်မှာ မလုံခြုံလို့ ထွက်ပြေးလာတဲ့ အလုပ်သမားတွေ၊ လူတွေကိုကျတော့ သူတို့ ပြန်မပို့သင့်တော့ဘူး။ အဲဒါလေးပဲ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရမှာကြောက်လို့ ပြေးလာပါတယ်ဆိုမှ ဖမ်းပြီး ပြန်ပို့တာကတော့ ရန်သူလက်ထဲ ပြန်အပ်သလို ဖြစ်နေတယ်လေ။ အဲဒါမျိုးကို အမြဲပြောနေရတယ်။ ဒါကို ထိုင်းကလည်း ပို့တဲ့နေရာမှာ အများကြီး ပါဝင်တယ်။ ထိုင်းက မပို့ဘဲနဲ့ ဥပဒေတစ်ခုကို ချပေးပြီး မြန်မာပြည်ကနေ ထွက်ပြေးပြီး ထိုင်းနိုင်ငံထဲ ဝင်လာတဲ့သူတွေကို သဘောအရ ခိုးဝင်မှုနဲ့ ဖမ်းခံရရင် အထောက်အထား မရှိလို့ အထောက်အထားမဲ့အနေနဲ့ ဖမ်းခံရရင် အထောက်အထား ပြည့်အောင် လုပ်ပေးပါပေါ့။ လုပ်ပေးပြီးရင် သူတို့ ခိုလှုံခွင့် ပေးပေါ့။ ဒါမှမဟုတ် ဥပဒေကို ကျူးလွန်လို့ ဖမ်းခံရတဲ့သူတွေ၊ ဥပမာ မူးယစ်ဆေးဝါးအမှုတို့၊ ရန်ဖြစ်မှုတို့၊ အခြားအမှုတို့ ဥပဒေနဲ့ ငြိစွန်းပြီး မိတဲ့သူတွေကိုတော့ ပို့ပါ။ ဒါကတော့ လက်ခံနိုင်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။