ပုလောမြို့နယ်၊ ရှပ်ပုံရွာတွင် စစ်အာဏာရှင်တပ်၏ လုပ်ဆောင်မှုကြောင့် နေအိမ်များ မီးလောင်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၃၁ရက် နေ့လယ်တွင် ရှပ်ပုံရွာ၏ ရွာအလယ်ပိုင်းကို နေအိမ်များ မီးလောင်ခြင်းဖြစ်ပြီး ည ၇နာရီဝန်းကျင်အထိ မီးမငြိမ်းသေးကြောင်း ဒေသခံများက ဆိုသည်။
ရှပ်ပုံရွာတွင် စစ်အာဏာရှင်တပ်သားများသည် ပုလောမြို့နှင့်နီးသည့် ရွာအရှေ့ဘက်ပိုင်းတွင် နေရာယူထားပြီး ရွာ၏ အနောက်ဘက်ပိုင်းတွင် တော်လှန်ရေးတပ်များက နေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် စစ်အာဏာရှင်တပ် တပ်စွဲထားသည့် နေရာဘက်နှင့်နီးသည့် ဘက်ခြမ်းတွင် မီးလောင်ခြင်းဖြစ်ပြီး စစ်အာဏာရှင်တပ်က မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
နေအိမ်များမှာ တစ်ဆောင်နှင့် တစ်ဆောင် နီးကပ်နေသဖြင့် မီးကူးမြန်ပြီး မီးပြင်းသဖြင့် မီးငြိမ်းသတ်ရန် ခက်ခဲကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အိမ်တွေက သိပ်နေတော့ မီးကူးမြန်တယ်။ မီးသွားသတ်တာလည်း (စစ်အာဏာရှင်တပ်က) သေနတ်ငယ်တွေနဲ့ (လှမ်း) ပစ်တယ်။ မီးပေး မငြှိမ်းဘူး။ရွာသားတွေ ဝိုင်းပြီး ငြှိမ်းနေကြတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကမူ စစ်အာဏာရှင်တပ်ဘက် ဒရုန်းတက်လာပြီးနောက် နေအိမ်များ မီးလောင်ခြင်း ဖြစ်ပြီး ဒရုန်းဗုံးကြောင့် မီးလောင်ခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။
မီးလောင်ရသည့် အကြောင်းအရင်း အတိအကျနှင့် ရွာသားများ ထိခိုက်မှု ရှိမရှိ၊ နေအိမ်မည်မျှ လောင်းကျွမ်းပျက်စီးသည် စသည့် အသေးစိတ်အခြေအနေများကို Dawei Watch အနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
နေအိမ်များ မီးမလောင်မီ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
မီးမှာ ယနေ့ ည ၇နာရီအထိ မငြိမ်းသေးကြောင်း မီးငြိမ်းသတ်ရာတွင်ပါသည့် ဒေသခံတစ်ဦးက ဆိုသည်။
“မီးလောင်နေတုန်း သေနတ်သံ၊ မိုင်းကွဲသံ၊ ဂစ်ပေါက်ကွဲသံတွေ ကြားနေရတယ်။ မီးလောင်တဲ့ နေရာမှာ လူတွေ မရှိဘူး။ ဒီနေ့တိုက်ပွဲ မရှိဘူး။ အရင်နေ့တွေက နှစ်ဖက်တိုက်ပွဲ အချိန်တို တိုက်ပွဲတွေရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်သည် ရှပ်ပုံရွာ၏ ဝါးတန်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယခုမီးလောင်သည့် ရှပ်ပုံရွာအလယ်ပိုင်းတွင် ဒေသခံများသည် စစ်အာဏာရှင်တပ် တပ်စွဲပြီးနောက် နေထိုင်းခြင်း မရှိတော့ကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်အာဏာရှင်တပ်က ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ပုလောမြို့နယ်ရှိအတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများရှိ နေအိမ်များကို မီးရှို့မှုများ ဆက်တိုက် လုပ်ဆောင်နေသည်။







