ဟော်မုဇ်ရေလက်ကြားတွင် နှစ်ရက်ကြာမည့် ကျည်အစစ်သုံး ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း အီရန်က ကြေညာလိုက်သည်။
အမေရိကန်က လေယာဉ်တင်သင်္ဘော အေဘရာဟမ်လင်ကွန်းနှင့် အခြားတပ်ဖွဲ့များ အရှေ့အလယ်ပိုင်းသို့ စေလွှတ်လိုက်ပြီးနောက် အီရန်ဘက်က ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။
အမေရိကန်စစ်သင်္ဘောများပေါ်မှ အီရန်လေယာဉ်များ ပျံသန်းခြင်း ၊ အီရန်ရေတပ်မှ စပိဘုတ်များက အမေရိကန်စစ်သင်္ဘောများရှိရာ လမ်းကြောင်းမှ ချဉ်းကပ်မောင်းနှင်ခြင်းတို့ကို သည်းခံနေမည်မဟုတ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က အီရန်စစ်တပ်ကို သတိပေးထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ကို တိုက်ခိုက်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်နေခြင်းကြောင့် အမေရိကန်နှင့် အီရန်အကြား ရက်သတ္တပတ်များစွာ တင်းမာမှု မြင့်တက်နေခဲ့သည်။
အီရန်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းမှုနှင့် အီရန်အဏုမြူစီမံကိန်းတို့ကို အကြောင်းပြကာ ထရမ့်က အီရန်ကို တိုက်ခိုက်မည်ဟု ထပ်တလဲလဲ ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
အီရန်အနေဖြင့် မျှတပြီး တရားမျှတမှုရှိသည့် ဆွေးနွေးမှုများအတွက် အသင့်ရှိသော်လည်း ထရမ့်၏ အဓိကတောင်းဆိုချက်များကိုမူ ပယ်ချကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရတ်ဂ်ချီက သောကြာနေ့တွင် ပြောကြားခဲ့သည်။
အီရန်ကာကွယ်ရေးမဟာဗျူဟာနှင့် ဒုံးကျည်စနစ်ကိစ္စကို လုံးဝဆွေးနွေးသွားမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
မည်သည့်ပြည်ပကျူးကျော်စော်ကားမှုမျိုးကိုမဆို အီရန်ဘက်က ထိထိရောက်ရောက် တုံ့ပြန်ဟန့်တားသွားမည်ဟု အီရန်ထိပ်တန်းလုံခြုံရေးအရာရှိ အလီရှမ်ခါနီက ပြောဆိုကြောင်း လက်ဘနွန်အခြေစိုက် Al Mayadeen သတင်းဌာနက ဖော်ပြသည်။
“ကျွန်တော်တို့ရဲ့ သတင်းစကားကတော့ ရှင်းပါတယ်။ ရန်သူ့ဘက်က ရန်လိုတဲ့ အပြုအမူမျိုး ပြလာတာနဲ့အမျှ ဒါနဲ့ ထပ်တူကျကျ ထိရောက်တဲ့ ဟန့်တားတုံ့ပြန်မှုမျိုးနဲ့ ရင်ဆိုင်ရမှာပါ” ဟု ရှမ်ခါနီက အဆိုပါ သတင်းဌာနကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ထိပ်တိုက်တွေ့ဆုံမှုကို ပင်လယ်ပြင်တစ်ခုတည်းမှာပဲ ကန့်သတ်ထားမှာ မဟုတ်ဘဲ ပိုမိုကျယ်ပြန့်ပြီး အဆင့်မြင့်တဲ့ စစ်ရေးအခြေအနေတွေအတွက်ပါ ပြင်ဆင်ထားပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
Source: Al Jazeera







