ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွေးကောက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇၀ ထက်မနည်း သေဆုံးကြောင်း ကုလပြော

January 31, 2026

ပုံစာ - ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲတွင် နေပြည်တော်၌ မဲလာပေးသူများ။ ဓာတ်ပုံ - Reuters/Stringer

ရွေးကောက်ပွဲကာလအတွင်း မြန်မာစစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၄၀၀ ကျော်ကြောင့် အရပ်သားပြည်သူ ၁၇၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကုသလသမဂ္ဂက ဆိုသည်။

ယင်းရွေးကောက်ပွဲသည် အခြေခံလူ့အခွင့်အရေးကို လေးစားမှုမရှိသည့်အပြင် ပြည်သူများအပေါ် တိုက်ခိုက်မှုများလည်း လျော့ပါးခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက ဇန်နဝါရီလ ၃၀ရက်တွင် သတိပေးသည်။

“ဒီရွေးကောက်ပွဲက ၂၀၂၅ ခုနှစ် တစ်နှစ်လုံး အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို မတားဆီးနိုင်ခဲ့ပါဘူး” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့ခေါင်းဆောင် ဂျိမ်းစ် ရိုဒီဟေဗာက ဂျီနီဗာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဆက်သွယ်ရေးဖြတ်တောက်ခံထားရခြင်းနှင့် ဒေသခံများမှာ ကြောက်ရွံ့သဖြင့် ထုတ်ဖော်ပြောဆိုရန် ခဲယဉ်းခြင်းတို့ကြောင့် အတည်ပြုရန် ခက်ခဲနေပြီး သေဆုံးသူအရေအတွက် ယခုထက် ပိုများလာနိုင်ကြောင်း ၎င်းက သတိပေးသည်။

၂၀၂၅ ခုနှစ်သည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအသေအပျောက် အများဆုံးနှစ်ဖြစ်ပြီး ရွေးကောက်ပွဲရက်အတွင်းမှာပင် တိုက်ခိုက်မှုများ ဆက်ရှိနေခဲ့ကြောင်း ၎င်းက အလေးပေးပြောဆိုသည်။

ရွေးကောက်ပွဲကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၀၈ ကြိမ်ခန့်ရှိခဲ့ပြီး အရပ်သား ၁၇၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များအရ အတည်ပြုနိုင်ခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် လက်နက်ကိုင်များ မရှိသည့် လူနေရပ်ကွက်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား ၅၀ အထိ သေဆုံးခဲ့သည့် ကနဦးသတင်းကို ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ထောက်ပြသည်။

ရွေးကောက်ပွဲဆန့်ကျင်သူများကို နှိမ်နင်းရန် စစ်အာဏာရှင်တပ်က ၎င်းတို့ တစ်ဖက်သတ် ပြဋ္ဌာန်းထားသည့် ဥပဒေဖြင့် လူပေါင်း ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အွန်လိုင်းပေါ်မှ ဆန့်ကျင်ပြောဆိုမှုများကိုပင် ကြီးလေးသည့် အပြစ်ဒဏ်များ ချမှတ်နေခြင်းကို ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက အပြစ်တင်ရှုတ်ချထားသည်။

Source: AFP