ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်ဝန်ကြီးများ ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီ နေရာအများစုအနိုင်ရ

January 31, 2026

တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီ (USDP) က လွှတ်တော်သုံးရပ်ပေါင်း ကိုယ်စားလှယ်အများစု အနိုင်ရကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။

တနင်္သာရီတိုင်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး နှင့် ကရင်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ၄၃ နေရာ ရှိသည်။

ယင်းတို့အနက် ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်တွင် ကိုးဦး၊ ပြည်သူ့လွှတ်တော်တွင် ၁၀ ဦးစလုံး၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၁၄ ဦး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး စုစုပေါင်း ၃၄ ဦး ရရှိခဲ့သည်။

ယင်း ၃၄ ဦးနက် ပြိုင်ဘက်မရှိသဖြင့် ယှဉ်ပြိုင်ရန် မလိုဘဲ အလိုအလျောက် အနိုင်ရသူ ‌လေးဦး၊ ကြိုတင်မဲဖြင့် အနိုင်ရသူ သုံးဦးရှိသည်။

ကြံ့ခိုင်ရေးပါတီက အနိုင်ရသည့် ကိုယ်စားလှယ်များထဲတွင် လက်ရှိ တနင်္သာရီတိုင်း စစ်ကော်မရှင်ဝန်ကြီးချုပ်ဖြစ်သူ ဦးမြတ်ကို၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာ၊ သယံဇာတဝန်ကြီး ဦးခင်မောင်မြင့်နှင့် လုံခြုံရေး၊ နယ်စပ်ရေးရာဝန်ကြီးဟောင်း ဦးမင်းမင်းလတ်တို့ ပါဝင်သည်။

ကျန်ရှိသည့် နေရာများအတွက်မူ ဦးကိုကိုကြီးဦး‌ဆောင်သည့် ပြည်သူ့ပါတီက အမျိုးသားလွှတ်တော်တွင်တစ်ဦး၊ တိုင်းဒေသကြီး လွှတ်တော်တွင် လေးဦး စုစုပေါင်း ငါးဦး အနိုင်ရသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ကမူ အချိုးကျကိုယ်စားပြုစနစ်ဖြင့် အမျိုးသားလွှတ်တော်တွင် နှစ်ဦး ရရှိခဲ့သည်။

အလားတူ မြန်မာနိုင်ငံတောင်သူလယ်သမားပါတီကလည်း အချိုးကျကိုယ်စားပြုစနစ်ဖြင့် တိုင်းဒေသကြီးလွှတ်တော် နှစ်ဦး ရရှိခဲ့သည်။

ယင်းအတွက်ကြောင့် တနင်္သာရီတိုင်းတွင် လွှတ်တော်သုံးရပ်ပေါင်း ကိုယ်စားလှယ် ၄၃ ဦး ရှိသည့်အနက် ကြံ့ခိုင်ရေးပါတီက ၃၄ဦး၊ ပြည်သူ့ပါတီက ငါးဦး၊ တစညပါတီက နှစ်ဦး၊ တောင်သူလယ်သမားပါတီက နှစ်ဦး အသီးသီး အနိုင်ရရှိခဲ့ကြသည်။

မြန်မာစစ်ကော်မရှင်က ကျင်းပသည့် ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ် မပြုကြောင်း ပြောဆိုထားသလို ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးအဖွဲ့များကလည်း အဆိုပါရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ်ကို တရားဝင် ဖြစ်စေရန် ကြံစည်မှုအဖြစ် ဝေဖန်ထားကြသည်။