ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသာ ကလေးများအားလုံး ကျောင်းတက်ခွင့်ပြုမည်

January 31, 2026

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော ကလေးငယ်များအားလုံး ကျောင်းတက် ပညာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်း ထိုင်းတော်ဝင်ပြန်တမ်းက ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော ကလေးငယ်အားလုံးသည် ပညာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်း၊ တရားဝင် မှတ်ပုံတင် အထောက်အထား မရှိသည်ဖြစ်စေ၊ ထိုင်းနိုင်ငံသား မဟုတ်သော နိုင်ငံခြားသားဖြစ်စေ ကလေးအားလုံးအကျုံးဝင်ကြောင်း ထိုင်းတော်ဝင်ပြန်တမ်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကယ်၍ ကျောင်းအပ်နှံသည့်အချိန် ရွှေ့ပြောင်းကလေးငယ်များတွင် မှတ်ပုံတင်နံပါတ်ဟုခေါ်သည့် G ၁၃ လုံး မရှိသေးသော်လည်း ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့်အတိုင်း ကျောင်းဘက်က G Code system မှတစ်ဆင့် မှတ်ပုံတင်ပေးပြီး ကျောင်းအပ်လက်ခံပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကလေးငယ်များသည် ဥပဒေအရ မှတ်ပုံတင်နံပါတ် ၁၃ လုံး မကျသေးသေးသည့်အချိန် ကျောင်းက ပေးထားသော G Code အတိုင်း စာသင်နှစ်ပြီးဆုံးသည်အထိ ကျောင်းတက်ခွင့် ရရှိမည်ဖြစ်ကြောင်း ဖော်ပြသည်။

မှတ်ပုံတင်နံပါတ်ရှိပြီးသော ကျောင်းသားများအတွက်မူ ပုံမှန်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

ကျောင်းများအနေဖြင့် မိဘများနှင့် ပူးပေါင်း၍ ကလေးငယ်များအားလုံး အထောက်အထား ရရှိရန် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် လျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အကယ်၍ ကျောင်းသားများသည် တရားဝင် G ၁၃ လုံးပါဝင်သော မှတ်ပုံတင်အထောက်အထား သို့မဟုတ် မှတ်ပုံတင်ကတ်ရရှိလာသောအချိန်တွင် ကျောင်းများက ကျောင်းသားအချက်အလက်များကို ပြန်လည်ပြင်ဆင်ပေးရမည်ဖြစ်သည်။

ယခုပြင်ဆင်လိုက်သော ဥပဒေသည် ထိုင်းနိုင်ငံအတွင်း ပညာရေးဝန်ကြီးဌာန၏ လက်အောက်တွင် ရှိသော ကျောင်းများအားလုံး အကျိုးသက်ရောက်မည်ဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂ သဘောတူစာချုပ် (CRC) ကို အလေးပေးပြီး နောက်ပိုင်းတွင် နိုင်ငံတော်ကို အကောင်းမြင်စိတ်များဖြင့် ပြန်လည်အကျိုးပြုနိုင်ရန် ရည်ရွယ်ပြီး ပြင်ဆင်ပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခင်က ထိုင်းရောက် မြန်မာကလေးငယ်အများစုသည် ထိုင်းနိုင်ငံတွင် မွေးစာရင်းမရှိသဖြင့် ကျောင်းတင်ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ခြင်းများ ကြုံတွေ့နေရကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

Ref: Matichon Online, Siam News