ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် နှစ်သစ်ကူးနေ့ ပျော်ပွဲရွင်ပွဲများအတွက် ညမထွက်ရအမိန့် တစ်ညရုပ်သိမ်း

December 30, 2025

ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့နယ်တွင် နှစ်သစ်ကူးနေ့ ပျော်ပွဲရွင်ပွဲများကျင်းပပြုလုပ်ရန် ညမထွက်ရအမိန့်ကို တစ်ညရုပ်သိမ်းကြောင်း စစ်ကော်မရှင်လက်အောက်ခံ မြို့နယ် အုပ်ချုပ်ရေးကော်မတီက လိုက်လံကြေညာနေသည်။

၂၀၂၅ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၆ ခုနှစ်ကို ကူးပြောင်းမည့် မနက်ဖြန် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပျော်ပွဲရွင်ပွဲများ ကျင်းပကြမည်ဖြစ်ခြင်းကြောင့် ည ၁၁ နာရီမှ မနက် ၃ နာရီ အတွင်း ထုတ်ပြန်ထားသော ညမထွက်ရအမိန့်အား ခတ္တရုပ်သိမ်းသည်ဟု ကြေညာခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။

လူအများပျော်ရွှင်ကာ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေသည့်ပုံစံ ပြသလို့သည့် စစ်ကော်မရှင်က ယခုလအတွင်း ကရင်နှစ်သစ်ကူးနေ့နှင့် ခရစ္စမတ်နေ့များတွင်လည်း ထားဝယ်မြိုတွင် ညမထွက်ရအမိန့် ရုပ်သိမ်းကာ ပျော်ပွဲရွင်ပွဲများ ညလုံးပေါက်ကျင်းပခဲ့သေးသည်။

ပြီးခဲ့သည့် ခရစ္စမတ်နေ့ ဖြစ်သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညတွင် စစ်ကော်မရှင်က ညမထွက်ရအမိန့်ရုပ်သိမ်းခဲ့ပြီး ထားဝယ်မြို့ ကမ်းနားပန်းခြံ၌ တေးဂီတဖျော်ဖြေပွဲကျင်းပနေချိန် နှစ်ကြိမ်ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့ထံမှသိရသည်.

ယင်းအပြင် ယင်းနေ့ညပိုင်းက ထားဝယ်မြို့ပေါ်ရပ်ကွက်အချို့တွင် ကျီးမနိုးပွဲလုပ်ခဲ့သည့် မြို့ခံလူငယ် ဆယ်ယောက်ကျော်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး နောက်နေ့မနက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း မြို့ခံ တစ်ဦးကပြောသည်။

“အားလုံး ၁၁ ယောက် ဆယ်ကျော်သက်တွေ၊ မနက်ကျတော့ မိဘတွေကိုခေါ်ပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တယ်”ဟု ၎င်းကပြောသည်။

ထားဝယ်ဒေသတွင်လည်း နှစ်သစ်ကူးနေ့ ၌ လူငယ်များ ကျီးမနိုးပွဲ ကျင်းပလေ့ရှိသဖြင့် မနက်ဖြန်တွင် ကျီးမနိုးပွဲ လုပ်သည်မျိုးရှိနိုင်ဟုဆိုသည်။

ကျီးမနိုးပွဲမှာ ပိုင်ရှင်မသိအောင် ပစ္စည်းများကို တိတ်တဆိတ်ယူဆောင်၍ နေရာရွှေ့ပြီး စနောက်သည့် ပျော်စရာဓလေ့ တစ်ခုဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် ပစ္စည်းပျောက်ခြင်း၊ ပျက်စီးခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း စသဖြင့် ပြဿနာများဖြစ်ပွားလေ့ရှိသည်။

စစ်ကော်မရှင်သည် ယခုနှစ် ထားဝယ်တန်ဆောင်တိုင် ကာလမှစပြီး အထိမ်းအမှတ်နေ့များတွင် ကမ်းနားပန်းခြံနှင့် ကမ်းနားလမ်းတို့၌ လျှပ်စစ်ရောင်စုံမီးများနှင့်အလှဆင်ကာ တေးဂီတ ဖျော်ဖြေပွဲများထည့်သွင်း ကျင်းပလေ့ရှိကြောင်း မြို့ခံများကပြောကြားသည်။