သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာတွင် တပ်စွဲခဲ့သည့် စစ်အာဏာရှင်တပ်သားများက သင်းကျွန်းရွာနှင့် ရန်တောင်ရွာက ဒေသခံများကို ခြိမ်းခြောက်ငွေတောင်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်အာဏာရှင်တပ်သားများက ဒီဇင်ဘာ ၁၉ ရက် နံနက်တွင် သရက်ချောင်းမြို့မှတစ်ဆင့် သင်းကျွန်းရွာသို့ရောက်လာပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့နံနက်အထိ တပ်စွဲထားကြောင်း ဒေသခံအချို့က ဆိုသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် အဆိုပါ စစ်အာဏာရှင်တပ်သားများက သင်းကျွန်းရွာနှင့်ကပ်နေသည့် ရန်တောင်ကျေးရွာသို့ ရောက်လာပြီး နေအိမ် ၂ ဆောင်ရှိ ဒေသခံများထံမှ ငွေတောင်းသွားကြောင်း ကိုယ်တိုင်ကြုံရသူများ၏ ပြောပြချက်ကို ကိုးကားပြီး သင်းကျွန်းရွာခံတစ်ဦးက ပြောသည်။
“မှတ်ပုံတင်စစ်သယောင်ယောင်နဲ့ ဓားပြတိုက်သွားတယ်။ (ကျပ်) နှစ်သိန်းစီ ပါသွားတယ်လို့သိရတယ်”ဟု ၎င်းက ဆိုသည်။
ဒီဇင်ဘာ ၂၀ ရက်ဝန်းကျင်ကလည်း အဆိုပါ စစ်အာဏာရှင်တပ်သားများက သင်းကျွန်းရွာရှိ နေအိမ်ဆယ်ချီကို ဝင်ရောက်စစ်ဆေးပြီး နေအိမ်တစ်ဆောင်လျှင် ငွေကျပ် ငါးသောင်းမှ တစ်သိန်းကြားစီ ခြိမ်းခြောက်တောင်းယူသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အများအားဖြင့် အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်မလဲထားသူများထံမှ ငွေကြေးတောင်းခံခြင်းဖြစ်ပြီး မပေးပါက နေအိမ်မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၉ ရက်နေ့ကလည်း သင်းကျွန်းရွာအတွင်းရှိ နေအိမ် တစ်ဆယ်ကျော်ကို ထပ်မံဝင်ရောက်စစ်ဆေးပြီး ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံသွားသေးကြောင်း နောက်ထပ် သင်းကျွန်းရွာခံတစ်ဦးက ပြောသည်။
“သူတို့က အုပ်စုလိုက်သွားတာမျိုးမဟုတ်ဘူး။ နှစ်ယောက်သုံးယောက် နှစ်ယောက်သုံးယောက်စီ ထွက်ထွက်ပြီး မှတ်ပုံတင်စစ်သလိုလို အိမ်ထောင်စုစစ်သလိုလိုလုပ်ပြီး ငွေတောင်းတာ” ဟု ၎င်းက ဆိုသည်။
သင်းကျွန်းရွာတွင် နှစ်ပတ်ခန့် တပ်စွဲခဲ့သည့် အဆိုပါ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ယနေ့(ဒီဇင်ဘာလ ၃၀ ရက်) နံနက်ပိုင်းမှစကာ သင်းကျွန်းရွာနှင့် သရက်ချောင်းမြို့ကြားရှိ ပိန်းတောရွာအတွင်း ပြောင်းရွှေ့တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။







