ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် ကျေးရွာနှစ်ရွာရှိ နေအိမ်များကို စစ်အာဏာရှင်တပ် ဖောက်ထွင်းပြီး ပစ္စည်းများယူဆောင်

December 30, 2025

ဓာတ်ပုံ - Dawei Watch

လောင်းလုံးမြို့နယ်၊ ခမောင်းတောင်နှင့် ထိန်တွင်းကျေးရွာတို့ကို ရွေးကောက်ပွဲနေ့က စစ်ကြောင်းထိုးလာသည့် စစ်အာဏာ ရှင်တပ်သည် နေအိမ်များကိုဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့ပေါ် ရွေးကောက်ပွဲ ကျင်းပနေချိန် ဒီဇင်ဘာလ ၂၈ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတပ်တို့က ထားဝယ်မြို့ပေါ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြပြီးနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးများဖြင့် ထားဝယ်မြစ်တစ်ဖက်ကမ်း လောင်လုံး မြို့နယ် ထိန်တွင်းနှင့် တောင်မင်းပြောင်ကျေးရွာတို့ကို ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။

အင်အား ၁၀၀ နီးပါးရှိသည့် ထိုစစ်ကြောင်းသည် ဒီဇင်ဘာလ ၂၈ရက် မွန်းလွဲပိုင်းမှစ၍ ခမောင်းတောင်ကျေးရွာသို့ ရောက်ရှိ လာကာ လူနေအိမ်များတွင် ဝင်ရောက်တပ်စွဲနေထိုင်ခဲ့ပြီး ညဘက်တွင် ဒေသခံနေအိမ်တို့ကို ဖောက်ထွင်းခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အိမ် လေး၊ ငါးဆောင်လောက် ဖောက်ခံထိတယ်။ အသုံးအဆောင်တွေယူတယ်။ နောက်ပြီး ဆိုင်တွေကိုဖောက်ပြီး ရိက္ခာတွေ ယူတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါစစ်ကြောင်းသည် ခမောင်းတောင်ကျေးရွာတွင် ညအိပ်တပ်စွခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၉ ရက် နံနက်အစောပိုင်းတွင် ခမောင်းတောင်ကျေးရွာ၏ အရှေ့ တောင်ဘက် တစ်ဆက်တည်းရှိသည့် ထိန်တွင်းကျေးရွာကို စစ်ကြောင်းဆက်ထိုးကြောင်း ဒေသခံများထံမှ သိရသည်။

ထိန်တွင်းရွာရှိ လူမရှိသည့် ဒေသခံနေအိမ်များကို ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများကို ထပ်မံယူဆောင်သွားကြောင်း နေအိမ်ဖောက်ထွင်းခံရသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“ဖုန်းတစ်လုံး၊ နာရီ၊ အဝတ်အစား၊ ပိုက်ဆံအိပ်တွေ ပါသွားတယ်။ အိမ်ပေါ်မှာလည်း ရှုပ်ပွနေအောင်ထားခဲ့တယ်။ သူတို့က သံဘာဂျာ တံခါးတွေကိုတောင် ဖောက်ခဲ့တာ တစ်နေကုန်ပါပဲ။ ရွာထဲ မနက် ကတည်းကနေပြီး ညနေအထိပါပဲ” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ထိန်တွင်းကျေးရွာရှိ နေအိမ်တစ်ဆောင်တွင်လည်း ရွှေသုံးကျပ်သားကျော်ကို စစ်အာဏာရှင်တပ်သားများက ဖောက်ထွင်း ခိုးယူသွားသည်ဟု ပြောဆိုမှုများရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်အာဏာရှင်တပ်သည် ထိန်တွင်းကျေးရွာတွင် တပ်စွဲနေထိုင်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၉ ရက် ည ၇ နာရီ ဝန်းကျင်မှစ၍ ထားဝယ်မြစ်ကမ်းနံဘေးရှိ လယ်ကွင်းများကို ဖြတ်သန်းကာ ပြန်လည်ထွက်ခွာကြောင်း ဒေသခံများက ဆိုသည်။

ရွေးကောက်ပွဲနေ့တွင် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်ရာ ထိန်တွင်းရွာသား အသက် ၆၀ကျော် အရွယ် ဦးစိုးတင့်သေဆုံးပြီးပြင်းထိန်ရွာက ဘုန်းကြီးတစ်ပါးနှင့် တောင်မင်းပြောင်ရွာက အမျိုးသမီးတစ်ဦးတို့လည်း ဒဏ်ရာရခဲ့သည်။

စစ်ကြောင်းဝင်လာချိန် ထွက်ပြေးတိမ်းရှောင်နေကြရသည့် တောင်မင်းပြောင်၊ ထိန်တွင်း၊ ခမောင်းတောင်စသည့် ကျေးရွာ သုံးရွာမှ ဒေသခံများမှာ ယနေ့ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။