ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမ္ဘာ့နိုင်ငံများအတွက် လူသားချင်းစာနာမှုအကူအညီ ကန်ဒေါ်လာ ၂ ဘီလီယံ ထောက်ပံ့မည်ဟု ထရမ့်အစိုးရဆို

December 30, 2025

ပုံစာ - ဂါဇာမှ ပါလက်စတိုင်း မိန်းကလေးငယ်တစ်ဦး စားနပ်ရိက္ခာအကူအညီ လက်ခံရန် စောင့်ဆိုင်းနေသည်ကို ယခုနှစ် ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - REUTERS

နိုင်ငံပေါင်းတစ်ဒါဇင်ကျော်မှ ငတ်မွတ်ဘေးနှင့် ရောဂါဘယ ရင်ဆိုင်ခံစားနေရသူ သန်းပေါင်းများစွာအတွက် လာမည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထရမ့်အစိုးရက ဒီဇင်ဘာလ ၂၉ ရက်နေ့က ကတိပြုလိုက်သည်။

ယင်းမှာ ယခုနှစ်အတွင်း ထရမ့်အစိုးရ၏ နိုင်ငံခြားအကူအညီ အကြီးအကျယ် ဖြတ်တောက်မှုများနောက်ပိုင်း ပေါ်ထွက်လာသည့် အမေရိကန်၏ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး လုပ်ငန်းစဉ်သစ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ယခုနှစ်တွင် အမေရိကန်နှင့် ဂျာမနီအပါအဝင် အနောက်နိုင်ငံများက နိုင်ငံခြား လူသားချင်းစာနာမှုအကူအညီပေးရေးထက် စစ်ရေးအသုံးစရိတ်ဘက်ကို ပိုမိုအာရုံစိုက်ခဲ့ကြသည်။ ယင်းကြောင့် ကုလသမဂ္ဂတွင် ရန်ပုံငွေပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်လာရသည်။

အမေရိကန်အစိုးရက ပေးအပ်မည်ဟု ကတိပြုထားသည့် အဆိုပါ အကူအညီပေးရေး ရန်ပုံငွေများကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ကြီးကြပ်မည်ဖြစ်သည်။

ယင်းမှာ အကူအညီပေးရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန်နှင့် အသုံးစရိတ်များအပေါ် တာဝန်ခံမှုရှိစေရန် ကုလသမဂ္ဂနှင့် သဘောတူထားသည့် ပုံစံသစ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

၂၀၂၅ ခုနှစ်တွင် ကုလသမဂ္ဂသို့ အမေရိကန်၏ လူသားချင်းစာနာမှုအကူအညီ ရန်ပုံငွေထောက်ပံ့မှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၈ ဘီလီယံခန့်အထိ ရောက်အောင် ထိုးကျသွားခဲ့ကြောင်း ကုလသမဂ္ဂ၏ အချက်အလက်များက ဖော်ပြသည်။

ယင်းမှာ ကုလသမဂ္ဂသို့ တစ်ကမ္ဘာလုံးမှ စုစုပေါင်း ထောက်ပံ့မှုများ၏ ၁၄ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိသည်။

ယင်းပမာဏသည် ၂၀၂၂ ခုနှစ်က အမြင့်ဆုံးဖြစ်ခဲ့သည့် ကုလသမဂ္ဂသို့ အမေရိကန်၏ ထောက်ပံ့မှု ဒေါ်လာ ၁၇ ဒသမ ၂ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ လျော့နည်းသွားခြင်းဖြစ်သည်။

လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရန်အတွက် အမေရိကန်နှင့် ကုလသမဂ္ဂတို့က ဦးစားပေးအဖြစ် သတ်မှတ်ထားသော နိုင်ငံ ၁၇ နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက ပြောကြားသည်။

သို့သော် ယီမင်၊ အာဖဂန်နစ္စတန်နှင့် ဂါဇာကဲ့သို့သော ကုလသမဂ္ဂ၏ ဦးစားပေးနေရာများသည် ယခုလုပ်ငန်းစဉ်အသစ်တွင် အမေရိကန်၏ အကူအညီရန်ပုံငွေ ရရှိမည်မဟုတ်ပေ။

ယင်းဒေသများအတွက် အခြားအလှူရှင်များထံမှ အကူအညီရှာဖွေသွားမည်ဟု ကုလသမဂ္ဂက ဆိုသည်။

တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် အမေရိကန်၏ အကူအညီပေးရေး ရန်ပုံငွေထောက်ပံ့မှု အစီအစဉ်တွင် ယူကရိန်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ဂျီးရီးယားနှင့် ဆူဒန်နိုင်ငံတို့ ပါဝင်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအကူအညီရန်ပုံငွေ ပေးအပ်မည့် အစီအစဉ်တွင် မြန်မာနိုင်ငံကိုလည်း အကူအညီပေးသွားမည်ဟု ကုလသမဂ္ဂနှင့် အမေရိကန်အစိုးရက ရည်ညွှန်းထည့်သွင်းပြောဆိုခြင်း မရှိပေ။

Source: Reuters