ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတောင်ပိုင်း လက်ဝှေ့ပွဲမှာ အစွမ်းပြခဲ့တဲ့ ၁၇ နှစ်အရွယ် ထားဝယ်ဖိုက်တာလေး ချန်ပီယံဆုနဲ့အတူ ဘတ် ၂ သန်းရသွားပြီ

December 30, 2025

ထိုင်းနိုင်ငံတောင်ပိုင်းက ကော့စမွေကျွန်းမှာ မနေ့ညကကျင်းပခဲ့တဲ့ သမိုင်းတစ်လျှောက် ဆုကြေးအမြင့်ဆုံးပွဲစဉ်မှာ ထားဝယ်သား ဖိုက်တာလေး စပိဘုတ် က ပြိုင်ဘက်ကို အလဲထိုးပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါတယ်။

အခု ကျင်းပခဲ့တဲ့ ဒီပွဲစဉ်ဟာ စုစုပေါင်းဆုကြေး ဘတ် ၂ သန်း (မြန်မာငွေ သိန်း ၁,၅၀၀ ကျော်) အထိ ဆုကြေးသတ်မှတ်ထားတာဖြစ်ပြီး ထိုင်းတောင်ပိုင်းမှာ ကျင်းပသမျှ ပြိုင်ပွဲတွေထဲမှာ အမြင့်ဆုံး ဆုကြေးအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

ဒီလို အရေးပါတဲ့ ခေါင်ပွဲ (Main Event) မှာ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးတဲ့ မြန်မာလူငယ်ဖိုက်တာ စပိဘုတ် က အသက် ၂၃ နှစ်အရွယ် ဂျာမဏီဖိုက်တာ စူပါဘန့်ခ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

စပိဘုတ် ဟာ ပွဲစပါပြီဆိုကတည်းက သူ့ထက် အတွေ့အကြုံပိုင်းဆိုင်ရာ အနည်းငယ်ပိုမြင့်တဲ့ ဂျာမနီဖိုက်တာကို အကြောက်အလန့် လုံးဝမရှိဘဲ တုံ့ပြန်ကစားခဲ့တာပါ။

ပွဲရဲ့ အဆုံးအဖြတ်ဖြစ်တဲ့ နောက်ဆုံးအချီမှာတော့ စပိဘုတ်ရဲ့ ထိရောက်မြန်ဆန်တဲ့ တိုက်စစ်ဆင်မှုတွေအောက်မှာ ဂျာမနီဖိုက်တာ စူပါဘန့်ခ်တစ်ယောက် အမှောက်သိပ်ခြင်း ခံလိုက်ရပြီး ပွဲကတော့ သပ်သပ်ရပ်ရပ်နဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ စပိဘုတ်ဟာ သူ့ရဲ့ အမည်အတိုင်းပဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြိုင်ဘက်ကို အလဲထိုးပြသွားခဲ့တာပါ။

ပွဲအပြီးမှာတော့ စပိဘုတ်နဲ့အတူ သူ့ရဲ့ ကလပ်ပိုင်ရှင် ပြင်သစ်လူမျိုးဌေးကြီးတို့ဟာ ကြိုးဝိုင်းအတွင်းမှာ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြပါတယ်။ အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ စပိဘုတ်အတွက် အခုလို သမိုင်းဝင် အောင်ပွဲမျိုး ရယူလိုက်နိုင်တာက ရှေ့လာမယ့်အနာဂတ်အတွက် အခွင့်အလမ်းကောင်းများစွာ ဖြစ်ပေါ်လာစေဖို့ ရှိနေပြီလည်းဖြစ်ပါတယ်။