ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆိုမာလီလန်းကို နိုင်ငံအဖြစ် အစ္စရေးက ကမ္ဘာ့ပထမဆုံး အသိအမှတ်ပြု

December 30, 2025

ပုံစာ - အစ္စရေးက နိုင်ငံအဖြစ် အသိအမှတ်ပြုလိုက်ခြင်းအတွက် ဆိုမာလီလန်းမြို့တော် ဟာဂေဆာ၌ ဒေသခံများစုဝေးကာ ဆိုမာလီလန်းအလံများကို ဝှေ့ယမ်းအောင်ပွဲခံနေကြစဉ်။ ဓာတ်ပုံ - AFP

အာဖရိကဦးချိုဒေသရှိ ဆိုမာလီယာနိုင်ငံမှ ခွဲထွက်ထားသော ဆိုမာလီလန်းဒေသကို နိုင်ငံအနေဖြင့် အစ္စရေးက ကမ္ဘာ့ပထမဆုံး တရားဝင်အသိအမှတ်ပြုလိုက်သည်။

ယင်းမှာ ဆိုမာလီလန်းအတွက် ထူးခြားသော သံတမန်ရေးရာ အောင်မြင်မှုတစ်ခုဖြစ်ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြသည်။

အစ္စရေးနှင့် ဆိုမာလီလန်းတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ရန် ပူးတွဲသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြားသည်။

ယင်းမှာ “အေဘရာဟမ် သဘောတူညီချက်” နှင့် ကိုက်ညီကြောင်းလည်း ၎င်းက ပြောသည်။

အစ္စရေး၏ ထုတ်ပြန်ချက်မှာ ၎င်းတို့၏ အချုပ်အခြာအာဏာကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုမာလီယာအစိုးရ တုံ့ပြန်သည်။

အစ္စရေး၏ လုပ်ရပ်သည် တရားမဝင်သော လုပ်ဆောင်ချက်ဖြစ်ကြောင်းလည်း ဆိုမာလီယာအစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ဆိုမာလီလန်းသည် ၁၉၉၁ ခုနှစ်တွင် ဆိုမာလီယာမှ ခွဲထွက်ကာ လွတ်လပ်ရေးကြေညာခဲ့သော်လည်း ယနေ့အထိ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အသိအမှတ်ပြုမှုကို မရရှိခဲ့ပေ။

ဆိုမာလီလန်း၏ လွတ်လပ်ရေးကို ဆိုမာလီယာအစိုးရက မည်သည့်အခါမျှ အသိအမှတ်မပြုခဲ့ပေ။

အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအတွင်းမှ ဒေသတစ်ခုကို လွတ်လပ်ရေးပေးခြင်းသည် “အန္တရာယ်ရှိသော ရှေ့ဆောင်လမ်းပြမှု” ဖြစ်လာနိုင်ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးပြောကြားသည်။

အစ္စရေး၏ နိုင်ငံအဖြစ် အသိအမှတ်ပြုမှုကို ဆိုမာလီလန်းရှိ မြို့အများအပြားတွင် ဒေသခံပြည်သူများက ဒီဇင်ဘာ ၂၈ ရက်နေ့က စုဝေးအောင်ပွဲခံခဲ့ကြသည်။

ဆိုမာလီလန်းတွင် အစ္စရေးတို့ ခြေကုပ်ယူလာပါက “စစ်ရေးပစ်မှတ်” အဖြစ် သတ်မှတ်မည်ဟု ဟူသီသူပုန်အဖွဲ့ခေါင်းဆောင်က ဒီဇင်ဘာလ ၂၈ ရက်တွင် သတိပေးလိုက်သည်။

နိုင်ငံတကာအသိအမှတ်ပြုမှု ရရန် နှစ်ပေါင်းများစွာ ကြိုးပမ်းနေသည့် ဆိုမာလီလန်းသည် အေဒင်ပင်လယ်ကွေ့တွင် မဟာဗျူဟာကျကျ တည်ရှိပြီး ကိုယ်ပိုင်ငွေကြေး၊ နိုင်ငံကူးလက်မှတ်နှင့် စစ်တပ်တို့ကိုလည်း ပိုင်ဆိုင်ထားသည်။

Source: Al Jazeera ၊ Reuters