ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွေးကောက်ပွဲနေ့ တိုင်းအစိုးရရုံး တိုက်ခိုက်ခံရမှုတွင် လဝက အရာရှိတစ်ဦး ဒဏ်ရာရ

December 30, 2025

ပုံစာ - ဒီဇင်ဘာလ ၂၈ ရက် တိုက်ခိုက်ခံရပြီးနောက် တိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမမြင်ကွင်း ။ ဓာတ်ပုံ - MOI

ရွေးကောက်ပွဲနေ့ (ဒီဇင်ဘာ ၂၈) နံနက်ပိုင်းက ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး လဝက အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ နှင့် ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည် ။

Fixed Wing ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အစိုးရအဖွဲ့ရုံး၏ အစည်းအဝေးခန်းမ မျက်နှာကျက်များ ပေါက်သွားကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်တကွ စစ်ကော်မရှင်က ဒီဇင်ဘာလ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည် ။

ယင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူရှိကြောင်း ရုံးအနီး နေထိုင်သူများ နှင့် ဝန်ထမ်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

” မနက် ၈ နာရီလောက်လာထိပြီး ရုံးခေါင်မိုးပေါ်က ရေတိုင်ကီတွေပေါက်ထွက်ကုန်တယ် ။ ပြီးမှ မျက်နှာကျက်ကို နည်းနည်းပေါက်ကျတာ ။ ရေတိုင်ကီ ခံသွားလို့တော်သေးတယ် ။ တိုက်ရိုက်ကျရင် အခုထက်ပိုနာကြမယ် ။ အခုက တစ်ယောက်ပဲ လက်မှာ အစစင်တယ် ” ဟု အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦး ကပြောပြသည် ။

ဒဏ်ရာရသူသည် တနင်္သာရီတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန့်ဇင် ဖြစ်ကြောင်း မြို့ခံများ နှင့် ဝန်ထမ်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည် ။

ဦးသန့်ဇင်သည် အာဏာသိမ်းပြီးနောက် တိုင်းစစ်ကောင်စီတွင် လူမှုရေးဝန်ကြီးအဖြစ် ၂၀၂၄ ခုနှစ်အထိ နေရာယူခဲ့ဖူးသူဖြစ်သည် ။

လဝက ဝန်ထမ်းအသိုင်းအဝိုင်းထံ စုံစမ်းကြည့်ရာတွင်လည်း ဦးသန့်ဇင် ဒဏ်ရာရရှိသည်မှာ မှန်ကန်ကြောင်း အတည်ပြုကြသည် ။

ယင်းသို့ တိုင်းအစိုးရ တိုက်ခိုက်ခံရမှုနှင့် လူထိခိုက်မှု အခြေအနေကို မေးမြန်းနိုင်ရန် တိုင်းစစ်ကော်မရှင် ၏ ပြောရေးဆိုခွင့်ရှိသူ ထံ Dawei Watch က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ ။

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပသည့် ၁၀၂ မြို့နယ်အနက် မန္တလေး၊ မြစ်ကြီးနား ၊ စစ်ကိုင်း ၊ ရွှေဘို ၊ လွိုင်ကော် ၊ မြဝတီ ၊ တမူး ၊ ကသာ နှင့် ထားဝယ်မြို့တို့တွင် ပစ်ခတ်တိုက်ခိုက်ခံရမှု ၊ ပေါက်ကွဲမှုများဖြစ်ခဲ့ပြီး ၊ ငါးဦးဒဏ်ရာရ သည်ဟု ဖော်ပြသည် ။သို့သော် ဒဏ်ရာရသူငါးဦး သည် မည်သူမည်ဝါ ဖြစ်ကြောင်း အချက်အလက် ကိုမူဖော်ပြခြင်းမရှိပေ ။

ထားဝယ်မြို့တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပသည့် ဒီဇင်ဘာလ ၂၈ ရက်က ပေါက်ကွဲသံ လေးကြိမ်ထက်မနည်းကြားရပြီး ယင်းပေါက်ကွဲမှုများနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကိုမူ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမတွေ့ရသေးပေ ။

တိုင်းအစိုးရရုံးတိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်ဘက်ကလည်း ထားဝယ်မြစ်ကမ်းနံဘေး ကျေးရွာများကို လက်နက်ကြီးများ ပြန်လည်ပစ်ခတ်သောကြောင့် ဆရာတော်တစ်ပါး ဒဏ်ရာရ၍ အမျိုးသားတစ်ဦး ကျည်စထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည် ။