မကြာခဏ တိုက်ခိုက်ခံရသည့် လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ်သား အင်အား တစ်ရာကျော် ဖြည့်တင်းထားကြောင်း မြို့ခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ဒုတိယပတ်တွင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ မောရဝတီရေတပ် စခန်းမှ စစ်သင်္ဘောဖြင့် ထွက်ခွာလာပြီး ရေဖြူနှင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးလာခဲ့သည်။
အောက်တိုဘာလ ၁၉ ရက်တွင် လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာ၏ အနောက်ဘက် ပင်လယ်ပြင်တွင် စစ်သင်္ဘော ရပ်နားကာ အင်အားတစ်ရာကျော်ပါသည့် အဆိုပါစစ်ကြောင်းမှာ ကုန်းပေါ်သို့ တက်လာခြင်းဖြစ်သည်။
ကုန်းလမ်းအတိုင်း စစ်ကြောင်းဆက်ထိုးရာ ကျောင်ဆင်ကျေးရွာအုပ်စု ကရင်ကြီးရွာနှင့် ကမ်းပနီကျေးရွာတို့တွင် တော်လှန်ရေးတပ်တို့နှင့် အောက်တိုဘာလ ၂၁ ရက်၊ ၂၂ ရက်တို့၌ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်။
လောင်းလုံးကျွန်းဆွယ် အနောက်ဘက် ပင်လယ်ပြင်ရှိ စစ်သင်္ဘော၏ လက်နက်ကြီး ပစ်ကူဖြင့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့ဘက်သို့ ကမ်းရိုးတန်းအတိုင်း စစ်ကြောင်းထိုးလာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ ၂၅ ရက်တွင် လောင်းလုံးမြို့၏ အနောက်ဘက် စမ်းလှန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာရှိ သီရိအဏ္ဏဝါဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲခဲ့ကြောင်း ၎င်းတို့က ပြောသည်။
စမ်းလှမ်းကျေးရွာမှတစ်ဆင့် အောက်တိုဘာလ ၂၆ ရက်တွင် လောင်းလုံးမြို့ပေါ်သို့ ဆက်လက်ထွက်ခွာလာပြီးနောက် မြို့ပေါ်ရှိ စစ်အာဏာရှင်တပ်သားများနှင့် ပူးပေါင်းကာ မြို့ပေါ်တွင် တပ်စွဲထားကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“သူတို့က မြို့ပေါ်လူရှိတဲ့ အိမ်ခြံထဲမှာလည်း နေတယ်။ လူမရှိတဲ့ အိမ်ခြံထဲမှာလည်းနေတယ်။ နောက်ပြီး ပန်းတောဝ ဘုန်းကြီးကျောင်းမှာလည်း တပ်စွဲထားတယ်။ လောင်းလုံး ထွေအုပ်ရုံးနားက ဘဏ်မှာလည်း တပ်စွဲထားတယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်အာဏာရှင်တပ်သည် လောင်းလုံးမြို့ပေါ်သို့ ရောက်ရှိချိန် အောက်တိုဘာလ ၂၈ ရက်ကစပြီး မြို့ခံနေအိမ်များသို့ ဝင်ရောက်ကာ အိမ်ထောင်စုနှင့် လူဦးရေစစ်ဆေးခြင်း၊ လမ်းသွားလမ်းလာခရီးသွားပြည်သူများကို စစ်ဆေးခြင်းများလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း မြို့ခံများက ပြောသည်။
ယနေ့ အောက်တိုဘာလ ၃၀ ရက် နံနက်စောစောတွင် လောင်းလုံးမြို့ နှင့် သဗျာကျေးရွာကြားသို့ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုး ရောက်ရှိလာသေးကြောင်း ဒေသခံအချို့က ဆိုသည်။
ယခုလက်ရှိ လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ်သား အင်အားနှစ်ရာကျော်ရှိကြောင်း စစ်အာဏာရှင်တပ်နှင့် နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရသည်။
ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရေနက်ဆိပ်ကမ်းယာယီစစ်စခန်းနှင့် နဘုလယ်ဒေသတွင်လည်း အောက်တိုဘာလ ပထမပတ်မှစ၍ စစ်အင်အားသုံးရာခန့် အင်အားဖြည့်တင်းထားပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဒေသတွင် တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။







