BREAKING
October 30, 2025

ရှီကျင့်ဖျင်နှင့်ဆွေးနွေးပွဲ အကြီးအကျယ်အောင်မြင်ဟု ထရမ့်ပြော

October 30, 2025

ဓာတ်ပုံ - Associated Press

၆ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့အကြား မျက်နှာချင်းဆိုင်ဆွေးနွေးပွဲကို ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့ရာ ယင်းဆွေးနွေးပွဲမှာ “ကြီးမားသည့် အောင်မြင်မှုတစ်ခု” ဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားလိုက်သည်။

ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံနှစ်ခုအကြား ကုန်သွယ်ရေးပြဿနာများကြောင့် လနှင့်ချီကြာ တင်းမာနေခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်စေရေး ခေါင်းဆောင်နှစ်ဦးအကြား အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ယူကရိန်းအရေးနှင့်ပတ်သက်၍ သမ္မတရှီနှင့် ၎င်းအကြား “အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်” သဘောတူညီမှုရရှိခဲ့ကြောင်း သမ္မတထရမ့်က ပြောသည်။

“ယူကရိန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့နှစ်ဦး ပူးပေါင်းလုပ်ဆောင်သွားမှာပါ။ ဘက်နှစ်ဘက်စလုံးက တိုက်ပွဲတွေထဲ ပိတ်မိနေတယ်ဆိုတာကို ကျွန်တော်တို့ သဘောတူကြပါတယ်။ တစ်ခါတလေတော့လည်း ဘက်နှစ်ဘက်ကို ဆက်တိုက်ခွင့်ပေးထားရမလိုပါပဲ။ ဒါပေမဲ့ ယူကရိန်းကိစ္စမှာတော့ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ၎င်းအနေဖြင့် ဧပြီလတွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ရှီကျင့်ဖျင်ကလည်း ထိုအချိန်နောက်ပိုင်းတွင် အမေရိကန်သို့ လာရောက်မည်ဖြစ်ကြောင်း ထရမ့်က ပြောသည်။

“အံ့မခန်းတဲ့ တွေ့ဆုံပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ သူဟာ ကြီးမြတ်တဲ့ ခေါင်းဆောင်တစ်ဦးပါ” ဟု ၎င်းက ဆိုသည်။

သမ္မတရှီနှင့် ၎င်းအကြား အရေးကြီးကိစ္စတော်တော်များများတွင် သဘောတူညီမှုရရှိခဲ့ပြီဟုလည်း ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ထရမ့်က တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးသဘောတူစာချုပ်ကို မကြာမီ လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်က မြေရှားသတ္တုရရှိရေး ကိစ္စရပ်မှာလည်း ပြေလည်သွားပြီဖြစ်ကြောင်း၊ တရုတ်သွင်းကုန်များအပေါ် ကောက်ခံထားသော အခွန်နှုန်းထားများကို ဝါရှင်တန်က ချက်ချင်း လျှော့ချပေးမည်ဖြစ်ကြောင်းလည်း ထရမ့်က ပြောသည်။

Source: BBC ၊ CNN ၊ AP