BREAKING
October 30, 2025

တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ရွေးကောက်ပွဲဝင်ပြိုင်၊ ဗိုလ်မှူးကြီး သိန်းဇော်မြင့်ကို နယ်လုံဝန်ကြီးအဖြစ်ခန့်

October 30, 2025

ဓာတ်ပုံ - Dawei Watch

စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းစစ်ကော်မရှင်အဖွဲ့နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် က ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည်ဖြစ်သည့်အတွက် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးသိန်းဇော်မြင့်ကို ပြောင်းလဲခန့်အပ်လိုက်သည်။

ယခင်နယ်လုံဝန်ကြီးဗိုလ်မှူးကြီးမင်းမင်းလတ်က အရပ်ဘက်ပြောင်းကာ တနင်္သာရီတိုင်းလွှတ်တော် (အချိုးကျစနစ်) တွင် ကြံ့ခိုင်ရေးပါတီမှ ဝင်အရွေးခံမည်ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကော်မရှင်ကကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်အာဏာရှင်တပ်၏ လက်ဝေခံပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီမှ အရပ်ဘက်ပြောင်း စစ်ခေါင်းဆောင်များအနိုင်ရပြီး အစိုးရဖွဲ့နိုင်ရေး အကွက်ချစီစဉ်နေခြင်းဖြစ်ကြောင်း တွေ့ရသည်။

နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီးမင်းမင်းလတ်က တနင်္သာရီတိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ အတွက် အချိုးကျကိုယ်စားပြုစနစ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်နေခြင်းဖြစ်သည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်ပြင်ဆင်ထားမှုအရ တိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ် အမှတ် ၁ မှာ တနင်္သာရီတစ်တိုင်းလုံးပါဝင်သည်။

ဗိုလ်မှူးကြီးမင်းမင်းလတ်သည် စစ်တက္ကသိုလ် နည်းပြအရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စစ်ကောင်စီက တနင်္သာရီတိုင်း လုံနယ်ဝန်ကြီးအဖြစ်ခန့်အပ်ထားသူဖြစ်သည်။

အရပ်ဘက်ပို့လိုက်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်၏နေရာတွင် ဗိုလ်မှူးကြီး သိန်းဇော်မြင့်ဖြင့် အစားထိုးခန့်အပ်ကြောင်း အောက်တိုဘာလ ၂၉ ရက် ညပိုင်းတွင် စစ်ကော်မရှင်က ကြေညာသည်။

ဗိုလ်မှူးကြီး သိန်းဇော်မြင့်သည် စစ်အာဏာရှင်တပ်၏ ထားဝယ်အခြေစိုက် အမှတ်၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) ၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

စစ်အုပ်စု သည် အာဏာသိမ်းထားသည့် ငါးနှစ်အတွင်း တနင်္သာရီတိုင်း တွင် နယ်လုံဝန်ကြီးနေရာအား ငါးကြိမ်အပြောင်းအလဲပြုလုပ်ခဲ့ပြီး အချို့ နယ်လုံဝန်ကြီး တာဝန်ယူဖူးသူအချို့ ဖမ်းဆီး အရေးယူခံရမှုလည်းရှိခဲ့သည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် လက်ရှိတိုင်းစစ်ကော်မရှင်တွင် တာဝန်ယူခဲ့သည့် ဗိုလ်မှူးကြီးမင်းမင်းလတ်အပြင် ဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတဝန်ကြီး ဦးခင်မောင်မြင့်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာတို့လည်း ကြံ့ခိုင်ရေးပါတီမှ ဝင်ပြိုင်ကြမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ထားချက်အရ တွေ့ရသည်။

မြန်မာစစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနှင့် ပဋိပက္ခများကို ပြေလည်စေမည်မဟုတ်သလို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ဟု ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ထောက်ပြနေကြသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကလည်း မြန်မာစစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိမည်မဟုတ်ကြောင်း ပြောဆိုထားသည်။

ပြည်တွင်းရှိ ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများကမူ စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို အသုံးချကာ အာဏာဆက်လက် ဆုပ်ကိုင်ထားနိုင်ရေးအတွက် လုပ်ဆောင်ခြင်းသာ ဖြစ်သဖြင့် ဆန့်ကျင်ကန့်ကွက်နေကြသည်။