BREAKING
October 30, 2025

ဂါဇာကို လေကြောင်းတိုက်ခိုက်ပြီးနောက် အပစ်ရပ်ရေး ပြန်စတင်ကြောင်း အစ္စရေးကြေညာ

October 30, 2025

ပုံစာ - အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ပါလက်စတိုင်းကလေးငယ်တစ်ဦးအား ဆေးရုံသို့ သယ်ဆောင်လာသည်ကို ဗုဒ္ဓဟူးနေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Abdel Kareem Hana / Associated Press

ဂါဇာအပစ်အခတ်ရပ်စဲရေးကို ပြန်လည်စတင်လိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကြေညာလိုက်သည်။

အင်္ဂါနေ့ညက ဂါဇာကမ်းမြှောင်ဒေသအနှံ့တွင် အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၀၄ ဦး သေဆုံးခဲ့ရပြီးနောက်တွင် ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

အစ္စရေး၏ အဆိုပါ တိုက်ခိုက်မှုသည် အမေရိကန် ကြားဝင်စေ့စပ်မှုဖြင့် ပေါ်ပေါက်လာသည့် အစ္စရေး-ဟားမတ်စ် အပစ်ရပ်ကာလအတွင်း အသေအပျောက်အများဆုံး ဖြစ်ခဲ့သည်။

ယင်းအပြင် လက်ရှိအချိန်အထိ မတည်မငြိမ်ဖြစ်နေဆဲဖြစ်သည့် အစ္စရေး-ဟားမတ်စ် အပစ်ရပ်သဘောတူညီချက်အပေါ် အပြင်းထန်ဆုံး စိန်ခေါ်မှုလည်း ဖြစ်ကြောင်း AP သတင်းတွင် ဖော်ပြသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများသည် ဟားမတ်စ်ဘက်က အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်သည်ဟု ၎င်းတို့ စွပ်စွဲသည့် ကိစ္စရပ်များအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် အစ္စရေးဘက်က အသင့်ပြင်ထားကြောင်း ပြသနေကြောင်းလည်း ဖော်ပြသည်။

အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ကြောင်း အစ္စရေးနှင့် ဟားမတ်စ်အကြား တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် စွပ်စွဲအပြစ်တင်လျက် ရှိသည်။

အပစ်အခတ်ရပ်စဲရေး ပြန်လည်ဖော်ဆောင်ကြောင်း ကြေညာပြီးနောက်တွင် အစ္စရေးစစ်တပ်က ဂါဇာဒေသမြောက်ပိုင်းတွင် နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့သည်။

ယင်းမှာ အစ္စရေးကို မကြာမီ တိုက်ခိုက်ရန် လက်နက်များ သိုလှောင်ထားသည့်နေရာကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

အစ္စရေး၏ အဆိုပါ နောက်ဆက်တွဲတိုက်ခိုက်မှုကြောင့်အနည်းဆုံး လူနှစ်ဦး သေဆုံးကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ်စရေး၏ တိုက်ခိုက်မှုများကို ကာကွယ်ပြောဆိုထားပြီး ယင်းတိုက်ခိုက်မှုများကြောင့် အပစ်ရပ်သဘောတူညီချက် ပျက်ပြယ်မည်မဟုတ်ဟုလည်း အခိုင်အမာ ပြောဆိုသည်။

Source: Associated Press