BREAKING
October 30, 2025

နေတိုးအရှေ့ခြမ်းမှ အမေရိကန်တပ်ဖွဲ့ဝင်များ လျှော့ချသွားမည်

October 30, 2025

ပုံစာ - ရိုမေးနီးယားနိုင်ငံမှ နေတိုးတပ်ဖွဲ့ဝင်အချို့ကို ယခုနှစ် ဖေဖော်ဝါရီလက တွေ့ရစဉ်။ ဓာတ်ပုံ - Inquam Photos/Eduard Vinatoru/ REUTERS

အမေရိကန်အစိုးရသည် ဥရောပအရှေ့ဘက်ခြမ်းတွင် တပ်ချထားသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချသွားတော့မည်ဖြစ်ကြောင်း ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယင်းသို့ လျှော့ချမှုတွင် ရိုမေးနီးယားနိုင်ငံရှိ မီဟေးလ်ကိုဂယ်နီဆီယာနု လေတပ်စခန်း၌ တပ်စွဲထားသော အမေရိကန်စစ်သည်များလည်း ပါဝင်ကြောင်း ယင်းဝန်ကြီးဌာနက ဆိုသည်။

ဝါရှင်တန်၏ မူဝါဒဦးစားပေးအပြောင်းအလဲကြောင့် ယခုဆုံးဖြတ်ချက်ကို ကြိုတင်မျှော်လင့်ထားကြောင်း၊  အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀ ခန့်မှာမူ ရိုမေးနီးယားတွင် ဆက်လက်တပ်စွဲကာ ရှိနေဦးမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ဆိုသည်။

မကြာသေးမီက တာဝန်ချိန်ပြည့်၍ ပြန်လည်ထွက်ခွာသွားသည့် အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀ နှင့် ၁,၂၀၀ အကြားအတွက်မူ ပြန်လည်အစားထိုးဖြည့်တင်းသွားတော့မည် မဟုတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဥရောပရှိ အမေရိကန်၏ မဟာမိတ်နိုင်ငံများအနေဖြင့် မိမိလုံခြုံရေးအတွက် မိမိကိုယ်တိုင် ပိုမိုတာဝန်ယူရန် သမ္မတထရမ့်၏ အမေရိကန်အစိုးရက ယခင်ကတည်းက သတိပေးပြောကြားထားသည်။

ယင်းမှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် မိမိကိုယ်ပိုင်နယ်နိမိတ်နှင့် အင်ဒို-ပစိဖိတ်ဒေသအပေါ်  ပိုမိုအာရုံစိုက်လာသောကြောင့် ဖြစ်ကြောင်း ထရမ့်အစိုးရက ပြောသည်။

ရိုမေးနီးယားမှ ပြန်လည်ထွက်ခွာသွားသော အမေရိကန်တပ်ဖွဲ့ဝင်များကို အစားထိုးမည်မဟုတ်သည့် ဆုံးဖြတ်ချက်ကို  အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် စစ်ဘက်ရေးရာ ကော်မတီများမှ ထိပ်တန်းရီပတ်ဘလစ်ကန်အမတ်များကမူ ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။

“ရိုမေးနီးယားတွင် အလှည့်ကျ တာဝန်ထမ်းဆောင်နေသော အမေရိကန်တပ်မဟာကို ဆက်လက်ထားရှိခြင်းမပြုရန် ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်” ဟု အဆိုပါ ရီပတ်ဘလင်ကန်အမတ်များ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် ယင်းအပေါ် ဖြေရှင်းချက်ပေးရန်လည်း အဆိုပါ ရီပတ်ဘလင်ကန်အမတ်များက တောင်းဆိုထားသည်။

ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ထရမ့်အစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက်မှာ ဥရောပမှ အမေရိကန် စစ်အင်အားကို ရုပ်သိမ်းလိုက်ခြင်း မဟုတ်သလို နေတိုးအပေါ် အမေရိကန်၏ အာရုံစိုက်မှုကို လျှော့ချခြင်းလည်း မဟုတ်ဟု အမေရိကန်စစ်တပ်က ဆိုသည်။

Source: Reuters