မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာလမ်းဆုံရှိ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်ပြီးနောက် စစ်အင်အားထပ်တိုးကာ စစ်ဆေးမှု ပိုမိုတင်းကျပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ ၂၉ရက်က အဆိုပါဂိတ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ပြီးနောက် မြိတ်မြို့မှ ကားတစ်စီးဖြင့် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၃၀ ခန့် အင်အားထပ်တိုးလာကြောင်း ဒေသခံများက ပြောသည်။
ယနေ့ စက်တင်ဘာလ ၃၀ရက်တွင်လည်း မြိတ်မြို့ စစ်ကောင်စီအမှတ် (၁၀၁) ခြေလျင်တပ်ရင်းက ကားတစ်စီးဖြင့် တပ်ဖွဲ့ဝင် အင်အား ၄၀ ဝန်းကျင်နှင့် ဒရုန်းတစ်စင်းထပ်မံရောက်ရှိ အားဖြည့်ထားပြီး စစ်ဆေးမှုတင်းကျပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ခါတိုင်းဆို ရွာသားတွေကို မစစ်ဘူး။ အခုက ရွာသားတွေလည်း အကုန်စစ်တယ်။ ခရီးသွားတွေလည်း ပိုတင်းကျပ်ပြီး စစ်ဆေးလာတယ်။ ရမ်းနေပုံရတယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာပြင်းထန်သည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များကို စက်တင်ဘာလ ၂၉ရက်က နာရေးကူညီမှု ကားလေးစီးဖြင့် မြိတ်မြို့သို့ သယ်ဆောင်သွားပြီး ဒဏ်ရာရထားသည့် ကျန်တပ်ဖွဲ့ဝင်များကို စစ်ကူလာသည့် ကားဖြင့် ယနေ့ ထပ်မံသယ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင် မည်မျှရှိသည်ကို သီးခြားအတည်မပြုနိုင်သေးပေ။
“စစ်ဆေးရေးဂိတ်မှာ တုံးဗျောအုပ်ချုပ်ရေးမှူးလည်း လာရောက်စစ်ဆေးနေတယ်။ ဂိတ်က ကတုတ်ကျင်းရော ကာဗာတွေရော အကုန်အခိုင်အမာနဲ့ လုပ်ထားတယ်” ဟု ဒေသခံအမျိုးသား အခြားတစ်ဦးက ပြောဆိုသည်။
တုံးဗျောကြီးကျေးရွာ စစ်အာဏာရှင်တပ် စစ်ဆေးဂိတ်သည် စာသင်ကျောင်းနှင့် အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားပြီး ပြည်ထောင်စုလမ်းမတွင် ဖြတ်သန်းသွားလာသည့် ယာဥ်များကို ငွေကြေးကောက်ခံနေသည့် ဂိတ်တစ်ခုလည်း ဖြစ်သည်။