BREAKING
October 19, 2025

သရက်ချောင်း ကျောက်လှေကားရွာတွင် နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီးခံရ

September 30, 2025

သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာတွင် နေအိမ် ၇၃ လုံးကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ၊ မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဥတ္တူရွာမှ အင်းပြားရွာ၊ ကျောက်လှေကားရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ စက်တင်ဘာလ ၂၉ ရက်နှင့် ယနေ့ စက်တင်ဘာလ ၃၀ ရက်တို့တွင် နှစ်ရက်ဆက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။

နှစ်ဖက် တိုက်ပွဲဖြစ်စဉ် စက်တင်ဘာလ ၂၉ရက် ညပိုင်းနှင့် ယနေ့ နံနက်ပိုင်းတို့တွင် ကျောက်လှေကားရွာက နေအိမ်များကို စစ်အာဏာရှင်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

သရက်ချောင်းမြို့နယ် အထက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းကို ယနေ့ နံနက် ၇ နာရီတွင် KNU တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၂) နှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်များက ကျောက်လှေကားရွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကျောက်လှေကားရွာက အရပ်သားပြည်သူ နေအိမ် ၇၃ လုံးကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

သရက်ချောင်းမြို့နယ် အထက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်လက်အောက်ခံ တပ်ရင်း (၄၀၃)၊ (၄၀၄)၊ (၄၀၅)တို့ ပူးပေါင်းစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရှိသည်ဟု ပြောဆိုမှုများရှိပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အခုရွေးကောက်ပွဲနီးလာတဲ့အတွက် စကမက တချို့နေရာမှာ သူတို့ ထိုးစစ်ဆင်လာတာရှိတယ်။ စစ်ကြောင်းထိုးတာတော့ ခဏခဏပဲ။ အဲဒီ ၈ လပိုင်း ၉ လပိုင်းမှာ ရွာမီးရှို့တာ တော်တော်များလာတယ်။ ပြီးတော့ လေယာဉ်ဗုံးကြဲမှုလည်း တော်တော်များလာတယ်” ဟု KNU တပ်မဟာ(၄) ၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၁၇ ရက်တွင် ဥတ္တူရွာက နေအိမ်တစ်လုံးနှင့် ကားတစ်စီး၊ ၂၂ ရက်က မိုးရွှေကုန်းရွာက နေအိမ် ၁၉ လုံး၊ ၂၅ ရက်တွင် စော်ဖျားရွာက နေအိမ် ၅၈ လုံး၊ စက်တင်ဘာ ၇ရက်တွင် ရန်တောင်ရွာက နေအိမ် ၃၀ ခန့်နှင့် သင်းကျွန်းရွာက နေအိမ် ၈ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ဇွန်လ ၁ ရက်က ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူ မီးရှို့ဖျက်ဆီးခံရပြီးနောက် သရက်ချောင်းမြို့နယ် အထက်ပိုင်းက စစ်ဆေးရေးဂိတ်အနီးဝန်းကျင်က ကျေးရွာများကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေသည်။