သရက်ချောင်းမြို့နယ် ကျောက်လှေကားရွာဘက်တွင် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားနေအိမ်အချို့ မီးရှို့ခံထားရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံက သိရသည်။
စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် ဥတ္တူရွာမှ အင်းပြားရွာ၊ ကျောက်လှေကားရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။
“ဒီနေ့လည်း မနက် ၅ နာရီလောက်ကတည်းက ထပစ်နေကြတာ။ (မနေ့က ညပိုင်းမှာ) အိမ်တွေလည်းမီးရှို့ခံထားရတယ်။ ဘယ်လောက်များလဲတော့ မသိဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၂၉ရက် နံနက်စောစောပိုင်းကတည်းက ကျောက်လှေကားရွာဘက်တွင် နှစ်ဖက်ပစ်ခတ်သံများကြားနေရပြီး ယနေ့ နံနက်တွင်လည်း ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း စော်ဖျားရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ပစ်သံကြားတာနဲ့ ကျွန်မတို့လည်းပြေးလာတာပဲ။ အရင်တုန်းကလို နေနေလို့မရတော့ဘူး။ အိမ်တွေမီးရှို့ထားတယ်လို့ ပြောတယ်။ ဘယ်နှစ်လုံးလဲဆိုတာအတိအကျမသိဘူး” ဟု ၎င်းက ပြောသည်။
ကျောက်လှေကားရွာနှင့် အင်းပြားရွာဘက်က နှစ်ဖက်ပစ်ခတ်သံများကို ကြားရပြီး ဥတ္တူရွာဘက်ကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း စစ်ဘေးရှောင်နေသည့် ဥတ္တူဒေသခံများက ဆိုသည်။
နှစ်ဖက်တိုက်ပွဲနှင့် နေအိမ်မီးရှို့ခံရသည့်အခြေအနေများကို Dawei Watch က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
သရက်ချောင်းမြို့ဘက်မှ အင်အားထပ်ဖြည့်တင်းရန် နောက်ထပ် စစ်အာဏာရှင်တပ်သားများ လာနေသည်ဟု သတင်းရသဖြင့် မဲနယ်အိုး၊ ဥတ္တူ၊ သင်းကျွန်း၊ ရန်တောင်၊ စော်ဖျား၊ အင်းပြား၊ ကျောက်လှေကား၊ ကင်းရှေ့စသည့် အနီးဝန်းကျင်က ဒေသခံများ ရွာလုံးကျွတ်နီးပါးထွက်ပြေးနေကြကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၁၇ ရက်တွင် ဥတ္တူရွာက နေအိမ်တစ်လုံးနှင့် ကားတစ်စီး၊ ၂၂ ရက်က မိုးရွှေကုန်းရွာက နေအိမ် ၁၉ လုံး၊ ၂၅ ရက်တွင် စော်ဖျားရွာက နေအိမ် ၅၈ လုံး၊ စက်တင်ဘာ ၇ ရက်တွင် ရန်တောင်ရွာက နေအိမ် ၃၀ ခန့်နှင့် သင်းကျွန်းရွာက နေအိမ် ၈ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် အရပ်သားများကို လူသားဒိုင်းသဖွယ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အရပ်သားများပိုင်သည့် ဖုန်း၊ ရွှေနှင့် ငွေကြေး၊ ဆိုင်ကယ်နှင့် အိမ်ထောင်ပစ္စည်းများကိုလည်း ယူဆောင်ခဲ့ကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်က ထားဝယ်-မြိတ် ကားလမ်းပေါ်က ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူ မီးရှို့ဖျက်ဆီးခံရပြီးနောက် သရက်ချောင်းမြို့နယ် အထက်ပိုင်းက စစ်ဆေးရေးဂိတ်အနီးဝန်းကျင်က ကျေးရွာများကို စစ်အာဏာရှင်တပ်စစ်ကြောင်းထိုး ဆက်တိုက်ထိုးနေသည်။







